​​​​​​​တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၃

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ်၊ မသေကျေးရွာအုပ်စုရှိ ဝါးကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၉၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၆ ဦး၊ ခွဲစိတ်ရောဂါ ၉၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၈၇ ဦး၊ ကလေးရောဂါ ၇၈ ဦး၊ အရိုးရောဂါ ၉၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၆၉ ဦး၊ မျက်စိရောဂါ ၇၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၂ ဦး စုစုပေါင်း ၇၉၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။           ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၃၈ ဦး၊ မျက်စိ ခွဲစိတ်လူနာ ၂၁ ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၄၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၉ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၇ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၉၄ ဦးနှင့် ကွန်ပျူတာဓာတ်မှန်ရိုက်လူနာ ၃ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၎င်းအပြင် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၈ ဦးကိုလည်း ဆေးရုံရေယာဉ်ပေါ်၌ ဆေးရုံတင်ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။