အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ မေ ၂၄ ရက်)
ဤလောကတွင် ဗုဒ္ဓမြတ်စွာမှတစ်ပါး လူသားအားလုံးတွင် ဆရာရှိသည်။ ဗုဒ္ဓမြတ်စွာသည်ကား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်စွမ်းဆည်းပူးတော်မူခဲ့သော ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီတို့ကြောင့် ဘုရားအဖြစ်ပွင့်တော်မူခဲ့သည်။ မြတ်ဘုရားရှင်သည် ဣဿရိယဘုန်းတော်၊ ဓမ္မဘုန်းတော်၊ ယသဘုန်းတော်၊ သီရိဘုန်းတော်၊ ကာမဘုန်းတော်၊ ပယတ္တဘုန်းတော်ဟူ၍ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသည်။ ပယတ္တ ဘုန်းတော်မှာ နိဗ္ဗာန်ရောက်ရာဒေသနာဖြင့် ဗြဟ္မာနတ်လူသုံးဘုံသူတို့ကို ကြည်ဖြူစွာလှ သင်ဆုံးမသောကြောင့် လောက သုံးပါးလုံး ကိုးကွယ်ရာဆရာအဖြစ်သို့ ရောက်တော်မူခြင်းတည်းဟူသော ဘုန်းတော်ဖြစ်သည်။
ဤလောကတွင် ဆရာတို့၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှပေသည်။ ဆရာသည်ပန်းပုရုပ် ကလေးကိုထုဆစ်သူနှင့်တူသည်။ ပန်းပုဆရာတိုင်းသည် မိမိအရုပ်ကိုအလှဆုံးဖြစ်အောင် ထုဆစ်ချင်သူ ချည်းသာဖြစ်သည်။ ထို့အတူ ဆရာသည်လည်း တပည့်များ၏ ဘဝကိုအလှဆုံးဖြစ်အောင် ပညာဖြင့်ထုဆစ် ပေးလျက်ရှိသည်။ ဆရာမှန်သမျှသည် တပည့်အားလုံးကို တစ်ပြေးညီပညာကို သင်ပေး လိုက်သော်လည်း သင်ယူသောတပည့်၏ လက်ခံနိုင်မှုပေါ်တွင်မူတည်ကာ တပည့်တို့၏ အနာဂတ်ဘ၀ လှပခြင်း၊ မလှပခြင်းတို့ ဖြစ်လာကြရသည်။
ဆရာနှင့်ပတ်သက်၍ “ဆရာကာပြန် အာခေါင်လှံစူး”၊ “ဆရာမပြ နည်းမကျ” ၊ “ဆရာများသားသေ”၊ “ဆရာမှန် အလံမစိုက်နှင့်” ဟူ၍စကားပုံများရှိသလို “ဆရာကောင်းတပည့် ပန်းကောင်းပန်”၊ “ဆရာခံသတ် ဓားမချပ်”၊ “ဆရာနှစ်ပါး၊ အယူပြား၊ နောက်သား ခက်စရာ”၊ “ဆရာလွှတ်တော့ရိုင်း၊ မျဉ်းလွှတ်တော့ ကိုင်း”၊ “ဆရာ့ထက် တပည့်လက်စောင်းထက်” ဟူ၍လည်း မြန်မာဆိုရိုး စကားတွင် ဖော်ပြထားပါသည်။ ဆရာ၏အဓိပ္ပာယ်ကို မြန်မာအဘိဓာန်ကျမ်းတွင် ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြ သူ၊ အတတ်၊ လုပ်ငန်းတစ်ရပ်ရပ်တွင် ကျွမ်းကျင်သူ၊ ယဉ်ကျေးသမှုဖြင့်ခေါ်သောစကားလုံး စသည်ဖြင့်ဖွင့်ဆိုထားပါသည်။
လောကနီတိကျမ်းတွင် အတတ်ပညာတစ်ဆယ့်ရှစ်ပါးရှိကြောင်းဖော်ပြထားသည်။ ထိုအတတ်ပညာတို့မှာ အကြားအမြင်အတတ်၊ လောကသမ္မုတိဖြစ်သော ဓမ္မသတ် ရာဇသတ်အတတ်၊ ဂဏန်းသင်္ချာ အတတ်၊ တံစဉ် စူး ဆောက်စသောလက်သမားအတတ်၊ နီတိကျမ်းအတတ်၊ ယာယီယတြာပြုခြင်းစသော ဗျာကရုဏ်းအတတ်၊ စောင်းငြင်းစသော ကဗျာလင်္ကာအတတ်၊ လက်ချိုး ရေတွက် ခြင်း(လက်ပစ်)အတတ်၊ ဒူးလေး လင်းလေးအတတ်၊ ထုံးဟောင်းရာဇဝင်အတတ်၊ ဆေးပညာအတတ်၊ ရယ်ရွှင်မှုအတတ်၊ ဗေဒင် အတတ်၊ လှည့်ပတ်မှုအတတ်၊ ဆန်းကျမ်းအတတ်၊ သံတမန်အတတ်၊ မန္တန်အတတ်၊ သဒ္ဒါကျမ်းအတတ် တို့ဖြစ်သည်။
ထိုအဋ္ဌာရသတစ်ဆယ့်ရှစ်ရပ်သောပညာတို့သည် ဆရာကသင်ပြပေးမှသာ တတ်မြောက်သော အတတ်ပညာများဖြစ်သည်။ ဆရာထံ မှ စည်းစနစ်ကျနစွာ သင်ယူတတ်မြောက်ထားမှသာ လူမှုဘဝတွင် တပည့်တို့ ဘဝသာယာပေလိမ့်မည်။ ယနေ့ ကမ္ဘာကြီးတွင် နည်းပညာများ အံ့မခန်းတိုးတက်လာမှုနှင့်အတူ ပညာရပ်များကလည်း လေ့လာလိုက်စား၍မကုန်နိုင်အောင်ဖြစ်သည်။ ထို့ကြောင့် ဆရာတို့၏အခန်းကဏ္ဍသည်လည်း လွန်စွာအလေးထားရမည့် အနေအထားဖြစ်သည်။ ဆရာတို့သည် ကျောသားရင်သားမခွဲခြားဘဲ တပည့်အားလုံးအပေါ်တွင် သွေးသားရင်းများကဲ့သို့ သဘောထားကာ လူငယ်တို့ကို အသိပညာ၊ အတတ်ပညာများသင်ပေးကြရသည်။ ဆရာများကို ဥယျာဉ်မှူးနှင့်တင်စားကြသည်မှာ ဆရာမှန်သမျှတို့သည် ဥယျာဉ်အတွင်းရှိပန်းများပွင့်လန်းလာသည်မြင်တွေ့ရလျှင် ဝမ်းသာပီတိဖြစ်ကြရသည်။ မွှေးသောလှသော ပန်းများပွင့်လာသည် မြင်တွေ့လိုသော်လည်း တစ်ခါတစ်ရံ ပိုးကိုက်ခံရသော ပန်းကလေးများကိုလည်း နှမြောတသစွာ စွန့်ပစ်ရသည်မျိုးလည်းရှိတတ်ပါသည်။
တပည့်များ၊ လူငယ်များကို ကောင်းမွန်စွာပြုစုပျိုးထောင်နိုင်လေလေ တပည့်တို့အနာဂတ်လှပလေလေ ဖြစ်သည်။ ဆရာဆိုသည်မှာ အတန်းပညာများ သင်ပေးရုံဖြင့် တာဝန်ကျေပွန်ပြီ မဆိုနိုင်သေးပေ။ အသိပညာများကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်ကို မီးမောင်းထိုးပြရလျှင် နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်အောင် သင်ပေးရန်လိုအပ်ပေသည်။ တိုင်းပြည်နှင့် လူမျိုးကိုချစ်သည့်စိတ်၊ အမျိုးဘာသာ သာသနာကိုမြတ်နိုး တန်ဖိုးထားလိုသည့်စိတ်၊ မိမိတို့၏ ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး မပျက်ယွင်းအောင် ထိန်းသိမ်းလိုသည့်စိတ်များကို ကိန်းအောင်းနေအောင် နည်းလမ်းကျန သွန်သင်ပြသရပေမည်။ သို့မှသာ မိမိတို့နိုင်ငံ၊ မိမိလူမျိုးတို့ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်မည်ဖြစ်ပေသည်။ အနှစ်ချုပ်ဆိုရသော် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်ပါစေကြောင်း ဆရာကောင်းများကို အလေးထားရေးသား လိုက်ရပေသည်။ ။