၂၀၂၁-၂၀၂၂ ဘောလုံးရာသီ စီးရီးအေပြိုင်ပွဲတွင် မီလန်မြို့ခံနှစ်သင်းဖြစ်သည့် အေစီမီလန်အသင်းနှင့် အင်တာမီလန် အသင်းတို့သည် နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံဆုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရပြီး အေစီမီလန်အသင်းက ၁၁ နှစ်ကြာကွာဝေးနေသည့် အီတလီစီးရီးအေ ချန်ပီယံဆုကို ပြန်လည်ဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။
အီတလီစီးရီးအေ ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲအလိုတွင် အေစီမီလန်အသင်းနှင့် အင်တာမီလန်အသင်းတို့၏ ရမှတ်ကွာဟမှုမှာ နှစ်မှတ်သာ ရှိနေသည့်အတွက် နောက်ဆုံးပွဲစဉ်တွင် အေစီမီလန်အသင်းအတွက် သရေတစ်မှတ် ရရှိပါက ချန်ပီယံဆုဆွတ်ခူးနိုင်မည် ဖြစ်သကဲ့သို့ အင်တာမီလန်အသင်းသည်လည်း အေစီမီလန်အသင်းရှုံးပွဲကြုံပြီး ၎င်းင်းတို့အနေဖြင့် အနိုင်ရရှိမည် ဆိုပါက ချန်ပီယံဆု ကာကွယ်ရန် အခွင့်အရေး ရရှိမည်ဖြစ်သည့်အတွက် နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ကစားခဲ့ရခြင်း ဖြစ်သည်။
နောက်ဆုံးပွဲစဉ်တွင် သရေရလဒ် ရရှိလျှင်ပင် ချန်ပီယံဆုဆွတ်ခူးနိုင်မည့် အေစီမီလန်အသင်းက အမှားအယွင်း မခံဘဲ ဆက်ဆူအိုလို အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အင်တာမီလန် အသင်း အနေဖြင့်လည်း ဆမ်ဒိုးရီးယားအသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း နှစ်မှတ်ကွာအနေအထားဖြင့် ချန်ပီယံဆု လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။
အေစီမီလန်အသင်းသည် ယခုဘောလုံးရာသီ အင်တာမီလန်အသင်းနှင့် နာပိုလီအသင်းတို့ ရလဒ် မကောင်းသည့် ပွဲစဉ်များတွင် အကောင်းဆုံး အခွင့်အရေး ယူနိုင်ပြီးနောက် ပြိုင်ပွဲပြီးဆုံးချိန် ၂၆ ပွဲနိုင်၊ ရှစ်ပွဲသရေ၊ လေးပွဲရှုံး ရမှတ် ၈၆ မှတ်ဖြင့် ၁၁ နှစ်ကြာ ကွာဝေးနေသည့် ချန်ပီယံဆုကို တစ်ကျော့ပြန်လည် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အီတလီစီးရီးအေပြိုင်ပွဲပြီးဆုံးချိန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အေစီမီလန်နှင့်အတူ အင်တာမီလန်၊ နာပိုလီနှင့် ဂျူဗင်တပ်စ်အသင်းတို့က ဝင်ခွင့်ရရှိခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို လာဇီယိုနှင့် ရိုးမားအသင်း၊ ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲကို ဖီအိုရင်တီးနား အသင်းတို့က အသီးသီး ဝင်ခွင့်ရရှိခဲ့ကြသည်။
အီတလီစီးရီးအေ တစ်နှစ်တာ အကောင်းဆုံးသွင်းဂိုး အများဆုံးကစားသမားဆုကို လာဇီယိုအသင်းတိုက်စစ် မှူး အမ်မိုဘီလီက ၂၇ ဂိုးဖြင့်ရရှိခဲ့ပြီး ဂိုးဖန်တီးမှု အများဆုံးကစားသမားဆုကို ဆက်ဆူအိုလိုအသင်းမှ ဘာရီဒါက ၁၄ ကြိမ်ဖြင့် ရရှိခဲ့သည်။
အီတလီစီးရီးအေပြိုင်ပွဲတွင် အေစီမီလန်အသင်းသည် ၂၀၁၀-၂၀၁၁ ဘောလုံးရာသီက နောက်ဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခြင်း ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာတွင် ပြန်လည် ဆွတ်ခူးနိုင်ခဲ့ကာ စုစုပေါင်း ချန်ပီယံဆု ၁၉ ကြိမ်အထိ ဆွတ်ခူးထားပြီး ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
Ref;Dello Sports