၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံဆုနှင့် တန်းဆင်း အဆုံးအဖြတ်အတွက် အကြိတ်အနယ်ရှိခဲ့ပြီး ချန်ပီယံဆုကို မန်စီးတီးအသင်းက လီဗာပူးအသင်းထက် တစ်မှတ်အသာဖြင့် နှစ်ရာသီဆက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် မန်စီးတီးအသင်းနှင့် လီဗာပူးအသင်း တို့သည် နောက်ဆုံးပွဲစဉ်တွင် နှစ်သင်းစလုံး ပြိုင်ဘက်အသင်းများကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးပွဲစဉ်တွင် လီဗာပူးအသင်းသည် ဝုဗ်အသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီး မန်စီးတီး အသင်းကလည်း အက်စ်တွန်ဗီလာအသင်းနှင့် ကစားရာတွင် နှစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်နေရာမှ အကောင်းဆုံး ပုံစံဖြင့် ပြန်လာနိုင်ပြီး ဂန်ဒိုဂန်က ပွဲချိန် ၇၆ မိနစ်တွင် လည်းကောင်း၊ ရိုဒရီက ပွဲချိန် ၇၈ မိနစ်တွင်လည်း ကောင်း ချေပဂိုးများသွင်းယူနိုင်ခဲ့ကာ ပွဲချိန် ၈၁ မိနစ်တွင် ဂန်ဒိုဂန်က ချန်ပီယံဆု ဆွတ်ခူးနိုင်စေမည့် အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
အလားတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ပြိုင်ပွဲမတိုင်မီ ကတည်းက နောဝှစ်ချ်အသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့ က တန်းဆင်းခဲ့ရကာ လက်ကျန်တန်းဆင်း တစ်နေရာအတွက် ဘန်လေအသင်းနှင့် လိဒ်အသင်းတို့အားပြိုင် ခဲ့ရပြီး နောက်ဆုံးပွဲစဉ်တွင် လိဒ်အသင်းက အနိုင်ရရှိကာ ဘန်လေအသင်းက ရှုံးပွဲတွေ့ကြုံခဲ့ရပြီးနောက် နောဝှစ်ချ် အသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့နည်းတူ ဘန်လေအသင်းလည်း အင်္ဂလန်ချန်ပီယံရှစ် ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရခြင်း ဖြစ်သည်။
၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်တွင် ချန်ပီယံဆုကို မန်စီးတီးအသင်းက ဆွတ်ခူးနိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူး အသင်း၊ ချယ်လ်ဆီးအသင်း၊ စပါးအသင်းတို့က ရရှိကာ ယူရိုပါလိဂ် ဝင်ခွင့်အတွက် အာဆင်နယ်အသင်းနှင့် မန်ယူအသင်း၊ ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲကို ဝက်စ် ဟမ်းအသင်းတို့က အသီးသီး ဝင်ခွင့်ရရှိခဲ့ကြသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ သွင်းဂိုးအများဆုံး ကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆုကို လီဗာပူးအသင်းမှ ဆာလက်ချ်နှင့် စပါးအသင်းမှ ဆွန်ယောင်မင်တို့က ပူးတွဲဆွတ်ခူးနိုင်ခဲ့ကာ ဂိုးမပေးရသည့်ပွဲ အများဆုံး(Clean Sheet) ဂိုးသမားဆုဖြစ်သည့် ရွှေလက်အိတ်ဆုကို မန်စီးတီးအသင်း ဂိုးသမား အီဒါဆန်နှင့် လီဗာပူးအသင်းမှ အလီဆန်တို့က ပွဲ ၂၀ စီဖြင့် ပူးတွဲရရှိခဲ့ကြသည်။
ထို့ပြင် ပြိုင်ပွဲဝင်အသင်း ၂၀ ၏ စုစုပေါင်းသွင်းဂိုးမှာ သွင်းဂိုး ၁၀၃၂ ဂိုးအထိရှိခဲ့ပြီး နိုင်ပွဲဆက်မှု အကြာရှည်ဆုံးအသင်းအဖြစ် ချန်ပီယံဆု ဆွတ်ခူးနိုင်သည့် မန်စီးတီးအသင်းက ၁၂ ပွဲဆက်ဖြင့် ရပ်တည်နိုင်ခဲ့ပြီး ရှုံးပွဲမရှိ အကြာရှည်ဆုံး အသင်းအဖြစ် အဆင့်(၂)နေရာ၌ ရပ်တည်ခဲ့သည့် လီဗာပူးအသင်းက စုစုပေါင်း ၁၈ ပွဲဆက်ရှုံးပွဲမရှိဘဲ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစား သမားဆုကို အကြိမ်ရေအများဆုံးရရှိသည့်ကစား သမားအဖြစ် စီရော်နယ်ဒိုက နှစ်ကြိမ်ဖြင့် ရပ်တည်ခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်းမှ ဒီဘရိုင်းက ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူ နိုင်ပွဲပျောက်ဆုံးမှုအကြာရှည်ဆုံးအသင်းအဖြစ် နယူးကာဆယ်အသင်းက ၁၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးကာ ရှုံးပွဲဆက်မှု အများဆုံးအသင်းများအဖြစ် ဘရိုက်တန်အသင်း၊ လိဒ်အသင်း၊ နောဝှစ်ချ်အသင်းနှင့်ဝက်ဖို့ဒ်အသင်းတို့က ခုနစ်ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကာ သွင်းဂိုးအများဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းက လက်စတာအသင်းကို ၆ ဂိုး-၃ ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်ဖြစ်ခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးချိန် အနီကတ် အများဆုံးကစားသမားစာရင်းတွင် ဝုဗ်အသင်းမှ ဂျီမီနက်စ်နှင့် အက်စ်တွန်ဗီလာအသင်းမှ ကွန်ဆာတို့က နှစ်ကတ်စီဖြင့်လည်းကောင်း၊ အဝါကတ်အများဆုံး ကစားသမား စာရင်းတွင် ဘန်လေအသင်းမှ တာကောစကီးကလည်းကောင်း၊ ပယ်နယ်တီပေးရမှု အများဆုံးကစားသမား စာရင်းတွင် လက်စတာအသင်းမှ တိုင်လီမန်းက လေးကြိမ်ဖြင့် ရပ်တည်ခဲ့ပြီး ပယ်နယ်တီ ရရှိမှုအများဆုံး ကစားသမား စာရင်းတွင် လာကာဇက်ကလည်းကောင်း အသီးသီးရပ်တည်ခဲ့ကြသည်။
အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ ဖူလ်ဟမ်အသင်းနှင့် ဘုန်းမောက်အသင်းတို့က တိုက်ရိုက်တန်းတက်ခွင့် ရရှိကာ နော်တင်ဟမ်အသင်းနှင့် ဟတ်ဒါးဖီးလ်အသင်းတို့က ရှုံးထွက်အဆင့်ကစားပြီး အနိုင်ရရှိမည့် အသင်းက ပရီးမီးယားလိဂ်သို့ တက်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
Ref:Opta