အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံး အသင်းသည် ပဏာမကစားသမားအစုံအလင်ဖြင့် ထိုင်းနိုင်ငံ၌ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေပြီး ဇွန် ၆ ရက်တွင် ထိုင်းနိုင်ငံမှတစ်ဆင့် အာရှဖလားခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်များမတိုင်မီ ထိုင်းနိုင်ငံ၌ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်စဉ် ခြေစမ်းပွဲနှစ်ပွဲကစားမည် ဖြစ်ပြီး မေ ၂၄ ရက်တွင် ဟောင်ကောင်လက်ရွေးစင် အသင်းနှင့် Traing Match လေ့ကျင့်ရေးခြေစမ်းပွဲကစားရမည်ဖြစ်ကာ မေ ၂၇ ရက်တွင် အာရှအင်အားကြီး အသင်းတစ်သင်းဖြစ်သည့် ဘာရိန်းလက်ရွေးစင်အသင်းနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲ ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲတွင် အုပ်စု(F)၌ အိမ်ရှင်ကာဂျစ္စတန်အသင်း၊ တာဂျစ်ကစ္စတန်အသင်း၊ စင်ကာပူအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး အုပ်စုပွဲစဉ်များအဖြစ် ဇွန် ၈ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန် ၁၁ ရက်တွင် အိမ်ရှင် ကာဂျစ္စတန်အသင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇွန် ၁၄ ရက်တွင် စင်ကာပူအသင်းတို့နှင့် ကစားရမည် ဖြစ်သည်။
အာရှဖလားခြေစစ်ပွဲအဆင့်တွင် အုပ်စုတစ်ခုချင်းစီမှ အုပ်စုပထမရရှိမည့် အသင်းနှင့် ဒုတိယနေရာရရှိမည့် အသင်းနှစ်သင်းအနေဖြင့် ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။
လက်ရှိ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးရွေးချယ်ထားသည့် ပဏာမကစား သမား စာရင်းတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းမှ ကစားသမားများနှင့် ဝါရင့်ကစားသမားအများစု ပါဝင်လာပြီး ဂိုးသမားနေရာ၌ ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးသူ၊ ထွန်းနန္ဒဦး၊ ခံစစ်ကစားသမားနေရာ၌ ကျော်ဇင်လွင်၊ ဝင်းမိုးကျော်၊ စိုးမိုးကျော်၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ဒေးဗစ်ထန်း၊ ဟိန်းဖြိုးဝင်း၊ အောင်ဝဏ္ဏစိုး၊ ဇော်ရဲထွန်း၊ ကွင်းလယ်ကစားသမားနေရာ၌ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ အောင်နိုင်ဦး၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဆွမ်လမန်၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ ထက်ဖြိုးဝေ၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်မျိုးခန့်၊ တိုက်စစ်ကစားသမားနေရာ၌ အောင်ကောင်းမာန်၊ သန်းပိုင်နှင့် ဝင်းနိုင်ထွန်းတို့ ပါဝင်ခဲ့ကြပြီး အပြီးသတ်ကစားသမားစာရင်းကို နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲကစားအပြီးတွင် ရွေးချယ်ပြီး အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
STA