မေတ္တာဥယျာဉ်သို့ လှမ်းလို့လာစေချင်
မနက်ခင်း၏ လေနုအေးနှင့်အတူ ကျောင်းဝင်းအတွင်းမှ လွင့်ပျံ့လာသော နိုင်ငံတော်သီချင်း သီဆိုသံက ကြားရသူအပေါင်းကို ကြက်သီးမွေးညင်းများပင် ထသွားစေသည်။ အယူမတိမ်း အဖြူ၊ အစိမ်းကလေးများ တူညီစွာဝတ်ဆင်ထားကြသူ နိုင်ငံတော်၏ အနာဂတ် ကလေးသူငယ်များ၏ သီဆိုနေဟန်က မာန်ပါလှသည်။ ဟန်အရသာဆိုနေခြင်းမျိုး မဟုတ်ဘဲ ရင်နှင့်ရင်း၍ ဆိုနေကြခြင်းဖြစ်ကြောင်းကို မျက်နှာမှာပေါ်လွင်နေသည့် အရိပ်အယောင်တို့က သက်သေပြလျက်ရှိသည်။ စံပယ်ပန်းချုံမှ သင်းပျံ့လာသည့် စံပယ်ပန်းရနံ့များက ကျောင်းသား၊ ကျောင်းသူများကို သြဘာပေးနေသယောင် ရှိသည်။ နိုင်ငံတော်၏ အနာဂတ်ကို စိတ်ချ၊ လက်ချ အပ်နှံနိုင်ဖို့ရာ အဖြူထည် ကလေးငယ်များ၏ စိတ်နှလုံးဝယ် အမည်းစက်များ မစွန်းထင်း ရလေအောင် ဥယျာဉ်မှူး ဆရာ၊ ဆရာမများသည် ဘဝနှင့်ရင်းပြီးမှ ရခဲ့သည့် အသိပညာ ဗဟုသုတများကို လက်ဆင့်ကမ်းမျှဝေလျက် ရှိသည်။ ဆရာ၊ဆရာမများသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို ဆရာ၊ ဆရာမများ ကိုယ်တိုင် သိထားဖို့ လိုအပ်ပါသည်။ မိမိပြုစု ပျိုးထောင်ပေးလိုက်သော ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏ အရေးပါသော တာဝန်များကို ပခုံးလွှဲပြောင်း ထမ်းဆောင်ရမည့် မျိုးဆက်သစ်များ ဖြစ်ကြသည်ကို မမေ့အပ်ရာ။ ဆရာ၊ ဆရာမ ဟူသည် မွန်မြတ်သလို တာဝန်လည်းကြီးသည့် ဥယျာဉ်မှူးများ ဖြစ်ကြပါသည်။
ကျွန်တော်ငယ်ငယ်က ဆရာ၊ ဆရာမ အလုပ်ကို လွယ်ကူသည်ဟု ထင်မှတ်ခဲ့ဖူးသည်။ ဆရာ၊ ဆရာမဟူသည် ကျောင်းကိုလာ၍ မိမိသင်ကြား တတ်မြောက်ထားသည့် အသိပညာ အတတ်ပညာများကို ကျောင်းသား၊ ကျောင်းသူများရှေ့ထွက်ကာ အလွယ်တကူ သင်ကြားပေးရုံသာဟု ထင်ခဲ့ဖူးသည်။ ကျက်စရာ မှတ်စရာ အိမ်စာများ အမြောက်အမြား ပေးလိုက်သည့်အခါ သူတို့က ပါးစပ်ကလေးနှင့် ပြောလိုက်ရုံသာ၊ လိုက်လုပ်ရသည့် ကျွန်တော်တို့မှာက စိတ်ဖြောင့်ဖြောင့်နှင့် မဆော့ရ၊ မကစားရဟု ကလေးပီပီ အမြင်စောင်းခဲ့ဖူးသည်ကိုလည်း ရိုးသားစွာ ဝန်ခံရပေမည်။
တဖြည်းဖြည်းနှင့် အသက်အရွယ်လေးရကာ အတန်းကြီးလာသည့်အခါမှ ဆရာ၊ ဆရာမများ၏ အလုပ် မလွယ်ကူမှန်း သဘောပေါက် နားလည်ခဲ့ပါသည်။ ကျွန်တော်သည် အတန်းထဲတွင် စာတော်သည့်ထဲမှာ ပါသည့်အလျောက် သူငယ်ချင်း အပေါင်းအဖော်များ လာ၍စာမေးမြန်းခြင်းကို မကြာခဏ ခံရတတ်သည်။ ကိုယ်တိုင်နားလည်ပေမယ့် တခြားသူကို နားလည်အောင် ရှင်းပြရသည်မှာ မလွယ်ကူမှန်း ထိုအခါမှ ကိုယ်တိုင်ကိုယ်ကျ နားလည်တော့သည်။ လူတစ်ယောက်နှင့် တစ်ယောက် ပင်ကိုဉာဏ်ရည်ဉာဏ်သွေးများ မတူညီကြပေ။
တချို့က အရိပ်ပြသည်နှင့်အကောင်မြင်တတ်သလို တချို့က အကောင်လိုက်ပြသည်ကိုပင် မမြင်ကြပေ။ ကျွန်တော်သည် အရိပ်ပြသည်နှင့်အကောင်မြင်တတ်သူ သူငယ်ချင်း အပေါင်းအဖော်များကို စာရှင်းပြရသည်မှာ မဆိုသာသော်လည်း အကောင်လိုက်ပြသည်ကိုပင် နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေသူများကို စာရှင်းပြရသည့် အခါမှာတော့ လူ့သဘော သဘာဝအလျောက် စိတ်မရှည်ခြင်းသို့ ရောက်ပြီး နောက်ဆုံးတွင် လက်ပင်လျှော့လိုက်ရတော့၏။
ဤသို့ဆိုလျှင် လူ့ဘဝအကြောင်း ဘာမှပင် မသိနားမလည်သေးသည့် ပင်ကိုဉာဏ်ရည်ဉာဏ်သွေး အမျိုးမျိုးနှင့် အသိဉာဏ်ဖွံ့ဖြိုးစ မတစ်ထောင် သားသမီးများကို ကကြီး၊ ခခွေး၊ အေ၊ ဘီ၊ စီ၊ ဒီ မှအစပြု၍ အဆင့်မြင့်ပညာရပ်များ သင်ကြားပေးနိုင်သည့် ဆရာ၊ ဆရာမတစ်ယောက် ဖြစ်လာဖို့ကား ထင်သလောက် လွယ်ကူလှမည်မဟုတ်ပေ။ စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားပမာ သဘောထား၍ ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” ဟူသည့် ဆရာ့ကျင့်ဝတ်ငါးသွယ်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်အောင် ကျင့်ကြံရပေသည်။ ထို့ကြောင့်လည်း ဘုရားနှင့် တစ်ဂိုဏ်းထဲထားကာ အနန္တောအနန္တငါးပါးတွင် တစ်ပါးအပါအဝင် ဖြစ်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ မွန်မြတ်လှသည့် ဆရာ၊ ဆရာမများကို စုစည်းကာဖြင့် နိုင်ငံတော်အတွက် မျိုးဆက်သစ်ပညာတတ် အလောင်းအလျာများ မွေးထုတ်ပေးရာ နေရာဒေသကို စာသင်ကျောင်းဟု အမည်နာမခေါ်သမုတ်ကြသည်။ လူတစ်ယောက်ဖြစ်လာပြီဆိုလျှင် စာသင်ကျောင်းနှင့် လွတ်ကင်းသူ ဟူ၍မရှိပေ။ အရွယ်ရောက်လို့ ပညာသင်ချိန် ရောက်သည်နှင့် စာသင်ကျောင်းသို့ မလွဲမသွေရောက်လာစမြဲပင်။ ရောက်အောင်ပို့ရန်မှာ မိဘများ၏ တာဝန်ပင်ဖြစ်သည်။ နိုင်ငံတော်အတွက်ဟူသည့် ကြီးကျယ်ခမ်းနားလှသော ရည်ရွယ်ချက်များ အကြောင်း မစဉ်းစားသေး နှင့်ဦး၊ မိမိကလေး၏ ရှေ့ရေးအတွက်ဟု တွေးကြည့်ရုံမျှ ဖြင့်ပင် စာသင်ကျောင်းသို့ ရောက်အောင်ပို့ပေးသင့်ပေသည်။ တစ်နှစ်ဟူသည့် အချိန်ကာလသည် သာမန်အားဖြင့် မများလှဟု ထင်ရသော်လည်း ကျောင်းနေအရွယ် ကလေးတစ်ယောက် ကျောင်းတစ်နှစ်နောက်ကျသွားသည်က ထိုကလေးငယ်အပေါ် များစွာသော အကျိုးသက်ရောက်မှုရှိလှပေသည်။
ကျောင်းနှင့်အလှမ်းဝေးသွားသည့်အတွက် အနည်းဆုံးတော့ စိတ်တွေလေလွင့်ကာ ကျောင်းစာနှင့်မဆိုင်သည့် တခြားဘက်မှာ အာရုံရောက်သွားစေသည်။ တစ်နှစ်မကဘဲ များစွာသော အချိန်ကာလအထိ ကျောင်းနှင့်ကင်းကွာနေကာ အရပ်သူ၊ အရပ်သား အပေါင်းအဖော်များနှင့် ပျော်ပါးနေသူဆိုလျှင် ကျောင်းစာမှာ ပြန်လည်စိတ်ဝင်စားအောင် မနည်းပင် စည်းရုံးရပေလိမ့်မည်။ လူ့စိတ်သည် ကောင်းသည့်ဘက်ထက် မကောင်းသည့် ဘက်ကို ပို၍ ယိမ်းယိုင်လွယ်၏။ ခက်ခဲသည့်လမ်းထက် လွယ်ကူသည့် လမ်းကို ပို၍လိုက်ချင်ကြ၏။ ထိုစိတ်ကို အသက်အရွယ် ကြီးရင့်သူများပင် ထိန်းချုပ်ရန် မလွယ်ကူလှပေ။ အသိဉာဏ်ဖွံ့ဖြိုးစ ကျောင်းနေအရွယ် ကလေးများဆိုလျှင် ဆိုဖွယ်ရာပင် မရှိပေ။
ပညာသင်ချိန်မှာ စာပေနှင့် အလှမ်းမဝေးအောင် စာသင်ကျောင်းသို့ အချိန်မီရောက်အောင် ပို့ဆောင်ကြရန် အရေးကြီးပေသည်။ စာသင်ကျောင်းဟူသည် စာကိုသာ သင်ကြားပေးသည် မဟုတ်ဘဲ လူမှုဘဝတွင် ပြေလည်စွာ ကျင်လည်တတ်စေရန် ကျယ်ပြန့်သည့်ဆက်ဆံရေး၊ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေးစားလိုက်နာရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့အပြင် သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်သည့် အသိပညာ အတတ်ပညာမှန်သမျှ လက်ဆင့်ကမ်းမျှဝေပေးသည့်နေရာပင် ဖြစ်ပါ သည်။ လူတစ်ယောက်၏ ဘဝရှေ့ရေး ကောင်းစားဖို့အတွက် ဤကဲ့သို့ အနှစ်သာရပြည့်ဝလှသော နေရာဒေသသို့ မိမိကလေးငယ်ကို ရောက်အောင်ပို့ပေးနိုင်သည့် ခွန်အားရှိပါလျက်နှင့် ပို့မပေးသည့်မိဘများသည် သားဖြစ်သူကို အလိုလိုက်ခဲ့တာကြောင့် လူဆိုး၊ လူမိုက်၊ သူပုန်အဆင့်ထိ ဖြစ်သွားကာ နောက်ဆုံး သေဒဏ်ပေးခံရသည့် အချိန်တွင် သား ဖြစ်သူက မိခင်ကိုအနားခေါ်ကာ ပါးစပ်ဖြင့် နားရွက်ကိုက်ဖြတ်ခဲ့သည့် ပုံပြင်ထဲမှမိခင်ကဲ့သို့ ဖြစ်မှန်းမသိ ဖြစ်လို့နေပေလိမ့်မည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နေရာဒေသ အနှံ့အပြား၌ စာသင်ကျောင်းပေါင်း မြောက်မြားစွာရှိသည့် အလျောက် ဆရာ၊ ဆရာမများလည်း မြောက်မြားစွာ ရှိပါသည်။ များစွာသော စာသင်ကျောင်းများသို့ ရောက်ရှိလာသည့် များစွာသော ကလေးသူငယ်များ၏ အနာဂတ်လမ်းကြောင်း ဖြောင့်ဖြူးစေဖို့ များစွာသော ဆရာ၊ ဆရာမများတွင် တာဝန်ရှိပေသည်။ တစ်နည်းအားဖြင့် ဆရာ၊ ဆရာမများသည် နိုင်ငံတော်၏ အနာဂတ်ကို ပြုစုပျိုးထောင်ပေးနေသည့် ဥယျာဉ်မှူးများပင်ဖြစ်ပါသည်။ နိုင်ငံတော်အတွက် ဤမျှလောက်ထိ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြသည့် ဆရာ၊ ဆရာမများသည် နိုင်ငံတော်၏ အနာဂတ် ပညာတတ်လောင်းများကို ပြုစုပျိုးထောင်ပေးရာ၌ မှန်ကန်သော စေတနာရှိဖို့လိုအပ်သည်။ လိုအပ်သည့်အလျောက်လည်း စေတနာ မေတ္တာတရားများ ပြည့်ဝစွာဖြင့် ခေတ်အဆက်ဆက် သင်ကြားပြသပေးလျက် ရှိပါသည်။ ထိုကဲ့သို့ မွန်မြတ်လှသည့် မေတ္တာရှင် ဆရာ၊ ဆရာမများ စုစည်းထားရာ စာသင်ကျောင်းများသို့ မိမိတို့ကလေးငယ်များ၏ ဘဝရှေ့ရေး မပူပန်ရစေရေး အချိန်မဆိုင်းဘဲ အမြန်ဆုံး ပို့ပေးကြစေလိုကြောင်း မေတ္တာဖြင့် တိုက်တွန်းရေးသားအပ်ပါသည်။
အမေ့သား(နတ်မောက်)