စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၂၅ ရက်)

လူသားတိုင်း၏ တူညီသောစိတ်မှာ ကျန်းမာချင်သည်၊ ချမ်းသာချင်သည်။ တင့်တင့်တယ်တယ် နေထိုင်လိုသည်။ မည်သူတစ်ဦး တစ်ယောက်ကမျှ မိမိဖြတ်သန်းရမည့်ဘဝခရီးကို ဆင်းရဲပင်ပန်းခက်ခဲစွာ ဖြတ်သန်းချင်ကြမည် မဟုတ်ကြပါ။ မိမိဘဝကို အကောင်းဆုံးဖြစ်ရန် ရည်မှန်းထားသလို မိမိနေထိုင်ရာနိုင်ငံကိုလည်း အကောင်းဆုံးဖြစ်စေချင်သည်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသဖြင့် အရာရာတွင် အခြားသောနိုင်ငံများထက်သာလွန်ချင်သည်။ ကမ္ဘာနှင့်ရင်ပေါင်တန်းလိုက်လျှင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာသော နိုင်ငံဖြစ်စေချင်သည်။

ဤသို့ဖြစ်စေရန်မှာ နိုင်ငံသားတိုင်းတွင်တာဝန်ရှိပေသည်။ ယနေ့တည်ဆောက်ဖြတ်သန်းနေသော ဒီမိုကရေစီစနစ်အရ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ အတ္တာဟိ အတ္တနော နာထော(မိမိသည်သာ မိမိ၏ကိုးကွယ်ရာဖြစ်သည်)ဟူသည့်အတိုင်း ကိုယ့်အားကိုယ်ကိုးပြီး နိုင်ငံ့သားကောင်းတစ်ဦးဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပေ သည်။ နိုင်ငံ့သားကောင်းအရေအတွက်များများ ရှိရန်လိုသည်။ တစ်ဦးချင်းစီက ကိုယ်ကျင့်သိက္ခာ ကောင်းအောင်၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတတိုးပွားအောင် အမြဲကြိုးပမ်းနေကြရမည်။ အထူးအရေးကြီးသောအချက်မှာ ကျန်းမာရေးဖြစ်သည်။ ကျန်းမာရေး ကောင်းမွန်မှသာ အရာရာကိုစွမ်းဆောင်နိုင်ပေမည်။

တပ်မတော်သားတို့လိုက်နာပြုကျင့်ရသော ကျင့်ဝတ်ခြောက်ဆယ်တွင် “ကျန်းမာအောင်နေပါ၊ သန်စွမ်းအောင်လေ့ကျင့်ပါ” ဟူသော ကျင့်ဝတ်တစ်ခုပါဝင်သည်။ သန်စွမ်းအောင်ဆိုရာ၌ ကိုယ်ကာယသန်စွမ်းရေး၊ဉာဏ်အမြော်အမြင်သန်စွမ်းရေးဖြစ်သည်။ ကိုယ်ကာယ သန်စွမ်းရေးအတွက် ကျန်းမာရေးလိုက်စားမှုရှိရမည်။ ဉာဏ်အမြော်အမြင်သန်စွမ်းရေးအတွက် စာပေဗဟုသုတလိုက်စားမှုရှိရမည်။ စာများများဖတ်မှ အသိဉာဏ်ဦးနှောက်သည် ပိုမိုဖွံ့ဖြိုးတိုးတက်လာပေမည်။ ထိုအခါ အမှားနှင့်အမှန်ကို စဉ်းစားသုံးသပ်နိုင်ပေ လိမ့်မည်။

ကျန်းမာရေးနှင့်စိတ်ဓာတ် အခြေခံကောင်းရှိသူ အရေအတွက်များပြားလာလျှင် လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ဝန်းလာမည်။ တစ်ဦးချင်း တစ်ယောက်ချင်းအင်အားမှသည် နိုင်ငံတော်အင်အားဖြစ်လာပေမည်။ တပ်မတော်သည် နိုင်ငံတော်အတွက် ကျစ်လျစ် ခိုင်မာသော အဖွဲ့အစည်းအဖြစ် ထာဝစဉ်ရပ်တည်နိုင်ရန် တပ်မတော်သားတစ်ဦးချင်းက စိတ်ချမ်းသာအောင် နေထိုင်ကြ သလို ကိုယ်ကျန်းမာအောင်လည်း လေ့ကျင့် ကြရသည်။ ထိုသို့လေ့ကျင့်ထားနိုင်မှလည်း နိုင်ငံတော်တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင် နိုင်ကြမည်ဖြစ်သည်။ အထက်ကပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်သူသည် စိတ်ချမ်းသာမှု ရှိနေသောကြောင့် ထမ်းဆောင်နိုင်ခြင်းဖြစ်သည်။ ထိုသို့ကျေပွန်ရေးအတွက် ကျန်းမာရေးကောင်းမွန်ရပေသည်။ ဆိုလိုသည်မှာ စိတ်ချမ်းသာခြင်းနှင့်ကိုယ်ကျန်းမာခြင်းသည် ဆက်စပ်တည်ရှိနေသည့်အတွက် ပေးအပ်သော တာဝန်ကိုကျေပွန်ခြင်းဖြစ်သည်။

တပ်မတော်သားများကဲ့သို့ လူငယ်လူရွယ်တိုင်း ကျန်းမာရေးကောင်းမွန်နေရန် လိုအပ်သည်။ မြန်မာလူငယ်လူရွယ်တိုင်းသည် မိမိတို့ ဝါသနာပါရာ အားကစားတစ်ခုခုကို လုပ်ဆောင်သင့်လှသည်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို အချိန်မှန်မှန်ပြုသင့်သည်။ လူငယ်ဆိုသည်မှာ အမြဲတမ်းတက်ကြွ လန်းဆန်းနေကြရမည်။ တက်ကြွလန်းဆန်းနေခြင်းသည် မိမိအတွက်၊ မိမိ၏မိသားစု အတွက်မှသည် နိုင်ငံတော်အတွက်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက နေရာဒေသတိုင်းတွင် အားကစားကွင်းများ၊ အားကစားရုံများ တိုးချဲ့တည်ဆောက်ပေးထားပြီး အားကစား အထောက်အကူပစ္စည်းများကို ပံ့ပိုးပေးထားပြီးဖြစ်ပါသည်။

အားကစားပြိုင်ပွဲဆိုသည်မှာ အစဉ်အမြဲကျင်းပနေမည့်ပွဲများဖြစ်သည်။ မြို့ရွာရပ်ကွက်မှ နိုင်ငံတော်အဆင့်ပြိုင်ပွဲများ၊ ထိုမှတစ်ဆင့် တက်သော် ပြည်ပပြိုင်ပွဲများကား စဉ်ဆက်မပြတ်ရှိနေမည်သာဖြစ်သည်။ ပြိုင်ပွဲတိုင်းတွင် ရွှေတံဆိပ်ဆုရသူများအတွက် ဝမ်းသာ အားရဖြစ်မိသလို ဆုမရရှိခဲ့သူများအတွက် အားမလိုအားမရ၊ မချင့်မရဲဖြစ်ကြပေလိမ့်မည်။ မည်သူမဆိုကြိုးစားလျှင် အောင်မြင်ရမည် သာဖြစ်သည်။ သူတစ်ပါးအောင်မြင်မှုကိုအားကျကာ ငါလည်းသူ့လို အောင်မြင်အောင်ကြိုးစားမည်ဟူသော စိတ်ကို လူငယ်တိုင်း မွေးမြူထားကြရမည်။ အားကစားလုပ်ဆောင်ခြင်းသည် စေ့စေ့တွေးကြည့်လျှင် မိမိအတွက်ကောင်းကျိုးသာရှိပါသည်။ ဆိုးကျိုးဟူ သည်မရှိပါ။  အားကစားလုပ်ဆောင်ခြင်းဖြင့် ကျန်းမာရေးကောင်းမွန်သည်။  ကျန်းမာရေးကောင်းမွန်နေလျှင် စိတ်ချမ်းသာသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ဖွင့်လှစ်ကာလူငယ်တို့ကို မြေတောင်မြှောက်ပေးလျက်ရှိသည်။ လူငယ်မောင်မယ်များ အနေဖြင့် အားကစားနည်းတစ်ခုခုကို ကျွမ်းကျင်စွာတတ်မြောက်ထားလျှင် စာပေသင်ကြားရာတွင်လည်း ဉာဏ်ရည်ထက်မြက် ပါသည်။  အားကစားလုပ်ဆောင်သူနှင့် မလုပ်ဆောင်သူတို့၏ ကျန်းမာရေးကွာခြားချက်ကို မိမိတို့ပတ်ဝန်းကျင်တွင် လေ့လာကြည့် လျှင် ထင်ရှားစွာမြင်နိုင်သည်။ အနှစ်ချုပ်ဆိုရလျှင် မိမိကိုယ်ကိုမိမိ တကယ်ချစ်သည်ဆိုပါလျှင် အားကစားလုပ်ဆောင်ခြင်းဖြင့် စိတ်၏ ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းကိုရယူကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။