ကျောင်းနေအရွယ် ကလေးတိုင်းအတွက် အရေးကြီးသော ကျောင်းအပ်နှံရေး ရက်သတ္တပတ်

ကျောင်းနေအရွယ် ကလေးတိုင်းအတွက် အရေးကြီးသော ကျောင်းအပ်နှံရေး ရက်သတ္တပတ်

လာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားတော့မည်ဖြစ်သည်။ မေ ၂၆ ရက်မှ ဇွန် ၁ ရက်ထိ ရက်သတ္တပတ်ကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများက ကျောင်းသား လက်ခံဆောင်ရွက် ကြမည်ဖြစ်သည်။ ထိုရက်သတ္တပတ်သည် ကျောင်းနေအရွယ် ကလေးအားလုံးအတွက်   ဘဝနှင့်ယှဉ်သော အလွန်တန်ဖိုးမြင့်သည့် ရက်သတ္တပတ်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းအပ်နှံခြင်းသည် ပညာသင်ယူရန် စတင်သည့် ပထမဆုံး ခြေလှမ်းဖြစ်ပြီး ရှေ့သို့လမ်းမှန်အတိုင်း ဆက်လက်လျှောက်လှမ်း သွားကြလျှင် အနာဂတ်ဘဝများ အထိ သာယာလှပ စေသောကြောင့်ပင်ဖြစ်သည်။

၂၁ ရာစုခေတ်သည် “ပညာခေတ်”ဖြစ်သည်နှင့်အညီ ပညာသည်သာ အားကိုးရာ၊ ပညာသည်သာ ပိုင်းဖြတ်ရာ၊ ပညာသည်သာ အခရာဟုဆိုနိုင်သည်။

ပညာဖြင့်လွှမ်းခြုံထားသော လူသားအရင်းအမြစ် စွမ်းအားသည် တိုင်းပြည် တည်ဆောက်ရေးတွင် အလွန်အရေးပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရပ်ရပ်အတွက် ပညာသည်သာ အခြေခံဖြစ်သည်။   ထို့ကြောင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းသို့အရောက် သွားနိုင်အောင် မိဘပြည်သူများက စီစဉ်ပေးရမည်။

ခွင့်ပြုပေးရမည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံနိုင်ရမည်။

သို့မှသာ မိသားစုအကျိုး၊ ပတ်ဝန်းကျင် အကျိုးနှင့် နိုင်ငံ့အကျိုးကို ဦးလည်မသုန် သယ်ပိုးထမ်းဆောင်နိုင်သော သားကောင်းရတနာ၊ သမီးကောင်း ရတနာများ ထွန်းကားလာမည်ဖြစ်သည်။

ကျွနု်ပ်တို့နိုင်ငံတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ ၂၈ အရ “နိုင်ငံတော်သည် အခမဲ့မသင်မနေရ   မူလတန်းပညာရေး စနစ်ဖော်ဆောင်ရမည်”ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၃၆၆ အရ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒနှင့်အညီ (က)ပညာသင်ကြား ပိုင်ခွင့်ရှိသည်၊ (ခ)ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်”ဟုလည်း ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်အတွင်း အခြေခံပညာ သင်ကြားတတ်မြောက်မှုကို လေ့လာကြည့်သောအခါ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာအရ အသက် ငါးနှစ်အထက် လူဦးရေ၏ ၈ ဒသမ ၁ ရာခိုင်နှုန်း (ဦးရေ ၄ သန်းနီးပါး)ခန့်သည် ကျောင်းမနေဖူးကြောင်း၊ ထိုသူများမှာ စာလုံးဝမတတ်သည်ကို တွေ့ရကြောင်း၊ အရွယ်ရောက်ပြီး အသက် ၂၅ နှစ်အထက်အရွယ်တို့အနက် လုံးဝကျောင်းမနေဖူးသူ ၉၆၀၀၀၀ ခန့်ရှိပြီး မူလတန်းကြိုနှင့်  မူလတန်းအဆင့်ရှိသူ ၁၁ ဒသမ ၈ သန်းကျော်ခန့်ရှိကြောင်း၊ အလယ်တန်းအဆင့်ရှိသူ ၅ ဒသမ ၄ သန်း ရှိသည့်အတွက် အသက် ၂၅ နှစ်နှင့် အထက်အရွယ် ရောက်ပြီးသူများအနက် အလယ်တန်း အဆင့်နှင့် ယင်းအဆင့်အောက် ပညာမသင်ကြား ခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်းခန့်ရှိပြီး ထိုအရေအတွက်သည် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်ကြောင်း သိရသည်။

ယနေ့စနစ်သစ် ပညာရေးသည် KG+12 ပညာရေးဖြစ်ပြီး မူလတန်းတွင် Kg တန်းမှ  Grade-5 အထိ အတန်းခြောက်တန်း၊ အလယ်တန်းတွင် Grade-6 မှ Grade-9 အထိ အတန်းလေးတန်း၊ အထက်တန်းတွင် Grade-10 မှ Grade -12  အထိ အတန်းသုံးတန်း၊ စုစုပေါင်းအတန်း ၁၃ တန်းဖြစ်ကာ စာသင်နှစ် ၁၃ နှစ် တန်းစဉ်မပျက် အောင်မြင်မှသာ အခြေခံပညာ အဆင့်သင်ယူပြီးမြောက်မည်ဖြစ်သည်။ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  Grade -5 ၊ Grade -8  နှင့် Grade -11 တို့ စနစ်သစ်သင်ရိုး စတင်မည်ဖြစ်ရာ Grade -9 မှလွဲ၍ ကျန်အတန်း ၁၁ တန်းလုံး စနစ်သစ်သင်ရိုးသို့ ကူးပြောင်းနိုင်ပြီဖြစ်သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်မူ Grade -9 နှင့် Grade -12 တို့ကို    သင်ရိုးသစ် သင်ကြားမည်ဖြစ်သဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သည်ကား Kg+12 အခြေခံပညာ အတန်းအားလုံး သင်ရိုးသစ် သင်ကြားပေးမည့်နှစ်ပင်ဖြစ်သည်။

ပညာသင်ကြားရေးဟု ဆိုရာ၌ ပညာသင်ကြားရမည့် ကျောင်းသားအရွယ်တွင် အားလုံး စာသင်ကျောင်းသို့ ရောက်ရှိရေး အလွန်အရေးကြီးသည်။ နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက်သည် နိုင်ငံသားတိုင်း၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း Kg+9 (အခြေခံပညာ အလယ်တန်းအဆင့်)ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေးပင်ဖြစ်သည်။ စာသင်ကျောင်းများက ကျောင်းသားများကို စာတတ်ရန်၊ ပညာတတ်ရန်အပြင် စာရိတ္တမြင့်မား ကောင်းမွန်ရေး၊ ပြည်သူ့နီတိ ကျွမ်းကျင်ရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ စည်းကမ်းပြည့်ဝရေး တို့အတွက်ပါ လေ့ကျင့်သင်ကြား ပေးလျက်ရှိရာ KG  တန်းတက်မည့် ကျောင်းသားများ အပါအဝင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူအားလုံး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း ကျောင်းအပ်နှံကြရန် လိုအပ်သည်။

အသက်ငါးနှစ်ပြည့်ပြီးသူတိုင်း အခမဲ့မသင်မနေရ မူလတန်းတွင် Kg တန်းမှ စတင်တက်ရောက်ကြရမည် ဖြစ်သည်။ ၆ နှစ်ပြည့်ပြီးမှ ကျောင်းစတင်အပ်နှံမည့် ကျောင်းသားများအတွက်မူ Kg တန်း တက်ရန်မလိုဘဲ Grade -1 မှ စတင်တက်ရောက်ရန် သတ်မှတ်ချက်ထားရှိသည်။ မိဘပြည်သူများအနေဖြင့် မိမိတို့၏ရင်သွေးလေးများကို ကျောင်းစတင် အပ်နှံရာ၌ အနည်းဆုံး အခြေခံပညာအလယ်တန်း အဆင့် Grade-9 အောင်မြင်ပြီးမြောက်သည်အထိ ကျောင်းထားနိုင်ရေး ဦးစွာ ရည်မှန်းထားရန် လိုအပ်သည်။   သို့မှသာ လက်ရှိအစိုးရ၏ ရည်မှန်းချက် အောင်မြင်မည်ဖြစ်သလို မိမိတို့သားသမီးများ၏ ရှေ့ရေးလည်း ကောင်းမွန်မည်ဖြစ်သည်။အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်သူများသည်သာ သက်မွေးပညာ သင်ကျောင်းများသို့ တက်ရောက်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည့်အတွက် အလယ်တန်းအဆင့် အောင်မြင် ပြီးမြောက်သည့် ကျောင်းသားများ၏ ဘဝအတွက် အာမခံချက် ရရှိမည်ဖြစ်သည်။

ယခုပညာသင်နှစ်တွင် ကျောင်းစတင် အပ်နှံမည့် ကျောင်းသားမိဘများအနေဖြင့် သားသမီးများအား ကျောင်းမအပ်နှံမီ  မိဘအမည်၊ မိဘမှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့အပြင် ကျောင်းသားအမည်၊ မွေးသက္ကရာဇ်တို့ တိကျမှန်ကန်ရေးအတွက်  ဦးစွာပြင်ဆင် ထားသင့်သည်။

ကျောင်းအပ်နှံရာတွင် လျှောက်လွှာ၌ ရေးသားသည့်အခါ အမည်နာမအားလုံး စာလုံးပေါင်း သတ်ပုံမှန်အောင် သတိပြုရေးသားခြင်းနှင့် အမည်နှစ်မျိုး၊ သုံးမျိုးမဖြစ်စေရေး၊ သားသမီးများ၏ မွေးသက္ကရာဇ် ရေးသွင်းရာတွင် မြန်မာနှစ်၊ လ၊ ရက်မဟုတ်ဘဲ ကမ္ဘာသုံးအင်္ဂလိပ်နှစ်၊ လ၊ ရက်ဖြင့်သာ ရေးသွင်းခြင်း၊ မိဘများ၏ နိုင်ငံသားစိစစ်ရေး လက်မှတ်အမှတ်ကို မှန်ကန်စွာ ရေးသားဖြည့်သွင်းခြင်း၊ အိမ်ထောင်စုစာရင်းနှင့် မိဘများ၏ နိုင်ငံသား စိစစ်ရေးလက်မှတ် မရှိသေးလျှင် ကျောင်းအပ်နှံရေး အမီ ကြိုတင်ပြုလုပ်ထားခြင်းတို့ ပြုသင့်သည်။ မှားယွင်းစွာ ရေးသွင်းမိပါက ပြန်လည်ပြင်ဆင်ရန် အခက်အခဲ ကြုံတွေ့ရတတ်သဖြင့် မိဘများ ဂရုပြုသင့်သော အချက်များပင်ဖြစ်သည်။

“ပညာရေးကို ပညာရေးနှင့် ဆက်နွှယ်ပတ်သက်သူများ အားလုံးပေါင်းစု တာဝန်ယူ ဆောင်ရွက်ရမည်” ဟူသော  အခြေခံ သဘောတရားတစ်ရပ်ရှိသည်။

အလားတူစွာ  မိမိကိုယ်မိမိချစ်လျှင် ပညာသင်ပါ။ မိမိမိသားစုကိုချစ်လျှင် ပညာသင်ပါ။ မိမိနိုင်ငံကို ချစ်လျှင် ပညာသင်ပါဟူသော သဘောတရား အမြင်ကိုလည်း ဖတ်မှတ်လေ့လာဖူးသည်။ ကလေးများ ကျောင်းနေမြဲရန်၊ အရည်အသွေး တိုးတက်စေရန် အချက်များကို ကျောင်းအုပ်များ၊ ပညာရေးကြီးကြပ်သူများ၊ ဆရာများ၊ မိဘနှင့်ကျောင်းသားများ အပါအဝင် ပညာရေးနှင့် ပတ်သက်သက်ဆိုင်သူ အားလုံးပေါင်းစု၍ တာဝန်ခံ အကောင်အထည် ဖော်ရမည်ဖြစ်သည်။

အမျိုးသားပညာရေး ဥပဒေ(၂၀၁၄ ခုနှစ်)၊ အခန်း(၈)၊ ပုဒ်မ (၄၅)တွင် “မိဘ သို့မဟုတ် အုပ်ထိန်းသူသည် မိမိတို့၏ ကလေးများကို ကျောင်းနေအရွယ်တွင် နိုင်ငံတော်က သတ်မှတ်ထားသော အခမဲ့မသင်မနေရ ပညာရေးကို သင်ကြားပေးရေးအတွက် သက်ဆိုင်ရာ ကျောင်းသို့ မဖြစ်မနေ ကျောင်းအပ်ရန်နှင့် ယင်းပညာရေး အဆင့်ပြီးမြောက်သည်အထိ ယူစေရန် တာဝန်ရှိသည်”ဟု ပြဋ္ဌာန်းထားသည်။ ယနေ့ကမ္ဘာ့နိုင်ငံ အချို့တွင် မသင်မနေရပညာရေး ဥပဒေကိုပြဋ္ဌာန်းထားပြီး မိမိကလေးကို ကျောင်းမအပ်သော မိဘများအား ထောင်ဒဏ် ချမှတ်သည်အထိ ဥပဒေအရ အပြစ်ပေးနိုင်သည်။

မြန်မာနိုင်ငံတွင် အချို့သော မိဘများ၏ လူမှုစီးပွားရေးဘ၀ အခက်အခဲကို ထောက်ရှု၍ ပြစ်ဒဏ်ဖော်ပြ မထားသော်လည်း နိုင်ငံတော်အတွက် လိုအပ်လျက် ရှိသော အရည်အသွေးမြင့် လူသားအရင်းအမြစ်များ ပေါ်ထွန်းရေးအတွက် လည်းကောင်း၊ မိသားစုတိုင်း လူနေမှုဘဝမြင့်မားရေးနှင့်  နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် လည်းကောင်း မိဘများအနေဖြင့် မိမိတို့၏ ကလေးများကို မဖြစ်မနေ ကျောင်းအပ်ရမည် ဖြစ်ပေသည်။ထို့အတူ မူလတန်းအဆင့်တွင် ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့်   အလယ်တန်း၊ အထက်တန်း အဆင့်များသို့ အဆင့်ဆင့်တက်လှမ်းကာ အဆင့်မြင့် ပညာသင်ယူနိုင်ရေးအတွက်ပါ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် လိုအပ်လှသည်။

အချုပ်အားဖြင့်ဆိုရသော် မိဘများအနေဖြင့် “ကလေးများ၏ ပညာရေးသည်  နိုင်ငံတော်အတွက် လိုအပ်သော အရည်အသွေးမြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဖြစ်သည်”ဟု ခံယူလျက် ကျောင်းနေအရွယ် ကလေးတိုင်းအတွက် အရေးကြီးသော ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း မိမိတို့၏ ကလေးများကို ကျောင်းအပ်နှံကြရန်နှင့် ပညာသင်ကြားရေး အတွက်သာမက ပညာရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင်ပါ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်း ရေးသား လိုက်ရပါသည်။     ။

လင်းအာရုဏ်ဦး(ပဲခူး)