၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ် အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ် အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၅

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့လေ့ကျင့်ရေးအားကစားရုံ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများ ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက အဖွင့်ပွဲစဉ်များဖြစ်သည့် အမျိုးသား ၃ ယောက်တွဲ လင်းခေးမြို့နယ် အသင်းနှင့် နမ့်စန်မြို့နယ်(တောင်ပိုင်း)အသင်း၊ အမျိုးသမီး ၃ ယောက်တွဲတွင် တောင်ကြီးမြို့နယ်အသင်းနှင့် ပင်လောင်းမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ အမျိုးသားပြိုင်ပွဲဝင်အသင်း ၄၃ သင်းနှင့် အမျိုးသမီးပြိုင်ပွဲဝင်အသင်း ၁၃ သင်းတို့ဖြင့် မေ ၃၀ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။