ကျောင်းအပ်နှံပေး မိဘတို့အရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၂၆ ရက်)

မြန်မာနိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်သည်။ တိုင်းပြည်သာယာ ဝပြောရေးအတွက် အတွေးအခေါ်မှန်ကန်သော ပညာတတ်များပေါများရန် လိုအပ်သည်။ စားရေရိက္ခာဖူလုံရေးအတွက် နည်းပညာ အဆင့်မြင့်သော စိုက်ပျိုးရေး မွေးမြူရေးများ တိုးမြှင့်လုပ်ဆောင်ကြရန်လိုအပ်သည်။ ထိုသို့လုပ်ဆောင်ကြရန်မှာ နိုင်ငံအတွင်း ပညာ တတ်များ ပေါကြွယ်ဝရန်လိုအပ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည့်အတွက် ဖွံ့ဖြိုးပြီးလမ်းကြောင်းသို့ ရောက်ရှိ အောင် လျှောက်လှမ်းကြရဦးမည်ဖြစ်သည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေချိန်တွင် ဒီမိုကရေစီစနစ်တည်တံ့ ခိုင်မာရေးအတွက် ပညာရည် မြင့်မားသော လူငယ်မောင်မယ်များစွာ မွေးထုတ်ပေးကြရမည်ဖြစ်သည်။ တက္ကသိုလ်များနှင့်ကောလိပ်များကို မေလ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိသလို အခြေခံပညာကျောင်းများကို လည်း ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကျောင်းများပြန်ဖွင့်သည်နှင့် မိမိတို့၏ သား သမီးများ ကျောင်းတက် နိုင်ရေးအတွက်မိဘတို့ စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျောင်းနေအရွယ်ကလေး အားလုံးကျောင်းအပ်နှံရေးမှာ မိဘနှင့်ဆရာတို့တွင် အဓိကတာဝန်ရှိပါသည်။ မိဘတိုင်းသည် မိမိတို့သား သမီးများ၏ နောင်ရေးစိတ်အေးရအောင် ကျောင်းသားအရွယ်သည် ကျောင်းမှာပို့ထားရမည်ဖြစ်သည်။ ဆရာများကလည်း ဆရာ စိတ်ဓာတ်အပြည့်အဝဖြင့် ကျောင်းသား ကျောင်းသူများကို ပညာပြည့်ဝနှလုံးလှအောင် သင်ကြားပေးရမည်။ ကျောင်းသား ကျောင်းသူများ စိတ်ဓာတ်ကောင်းမွန်ရေး၊ စည်းကမ်းကောင်းမွန်ရေး၊ ပညာပြည့်ဝရေးမှာ ဦးဆောင်လမ်းပြသူ ဆရာ ဆရာမများ အပေါ်တွင် မူတည်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ဆရာ ဆရာမများအားလုံး အရည်အချင်းများ ပြည့်ဝနေရန် လိုကြောင်း၊ အခြေခံပညာနှင့် အဆင့်မြင့် ပညာသင်ကြားမည့်ကျောင်းသား ကျောင်းသူများ အားလုံးကျောင်းနေရန်လိုကြောင်း၊ ပညာပြီးမြောက်အောင် သင်ကြားမှုမရှိပါက ကျောင်းသား ကျောင်းသူများ၊ မိဘများသာမက နိုင်ငံတော်အတွက်ပါ ဆုံးရှုံးနစ်နာမှု များရှိကြောင်း၊ နိုင်ငံတော်အတွက် အလုပ်လုပ်နိုင်မည့် လုပ်အားများ ဆုံးရှုံးခြင်းများဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံသားတစ်ဦးချင်း၏ ဆုံးရှုံးနစ်နာမှုလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား ကျောင်းသူများအားလုံး ပညာသင်ကြားနိုင်ရေး တိုက်တွန်း ဆောင်ရွက် ကြရန်လိုကြောင်း” မေ ၁၂ ရက်ကကျင်းပခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး(၄/၂၀၂၂) တွင်အမှာစကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၅၀ ကျော်တွင် ကျောင်းမနေဖူးသူ ငါးသန်းခန့်ရှိနေပြီး မူလတန်းအဆင့်သာ တတ်မြောက်သူ ၁၃ သန်းခန့် နှင့် အလယ်တန်းအဆင့် ငါးသန်းကျော်ရှိနေပါသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးနေသောနိုင်ငံတွင် နိုင်ငံသားများ ပညာရည်မြင့်မားရန် လိုသည်။ ဒီမိုကရေစီနိုင်ငံသား ကောင်းတစ်ဦးသည်အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို ခွဲခြားသိမြင်ချင့်ချိန်နိုင်သည့် စွမ်းရည် အမြော်အမြင်တို့ရှိနေရမည်။ ထိုသို့ရှိနေရန်မှာ စာသင်ကျောင်းတို့သည် အဓိကဖြစ်သည်။ အနာဂတ်နိုင်ငံတော်ကို အဆင့်မြင့်မြင့်တည်ဆောက်နိုင်ရန် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ကောလိပ်များတွင် ကလေးသူငယ်၊ လူငယ်လူရွယ် ကျောင်းနေအရွယ်အားလုံး အေးချမ်းစွာပညာ သင်ကြားနိုင်ကြရမည်ဖြစ်သည်။ သူငယ်တန်းမှသည် တန်းစဉ်မှန်မှန်ကူးပြောင်း တက်ရောက်၍ အခြေခံပညာပြီးမြောက်အောင်မြင်ရေးအတွက် မိဘအုပ်ထိန်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များက ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ လူငယ်တိုင်း အခြေခံပညာပြီးမြောက်ထားကြမှသာ မိမိတို့ဝါသနာပါရာ အသက်မွေးမှု ပညာ၊ နည်းပညာများဆက်လက်သင်ယူနိုင်မည်ဖြစ်သည်။

မိဘတိုင်းသည် သားသမီးတိုင်းကို ဆင်စီးပြီးမြင်းရံသည့် အဖြစ်မျိုးကိုသာ မြင်တွေ့လိုကြသည်။ ပညာနည်းပါးပြီး အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် အဖြစ်မျိုးကို မည်သည့်မိဘကမျှ ရောက်စေချင်ကြမည်မဟုတ်ပေ။ ရင်သွေးဟူကချစ်မဝဆိုသည့်အတိုင်း ချစ်ကြရာတွင် ကျောင်းနေအရွယ်ကလေးတိုင်းကို ကျောင်းအပ်နှံပေးကြမှသာ ချစ်ရာရောက်ပါလိမ့်မည်။ သူတစ်ပါးက သွေးထိုး လှုံ့ဆော်ဖြား ယောင်းမှုတွင် လိုက်ပါမည်ဆိုပါက ခံရမည်မှာ မိမိ၏ သား သမီးများသာဖြစ်ပေလိမ့်မည်။ ကျောင်းသားများ ကျောင်းမှာ နေကာ ပညာရှာနေခြင်းသည်မိမိအတွက် နိုင်ငံအတွက် အကျိုးရှိသောလုပ်ရပ်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်နှင့် အခြေခံပညာကျောင်းများတွင် ကျောင်း အပ်နှံရေး အစီအစဉ်ဆိုင်ရာသိရှိရန်အချက်များကို နေ့စဉ်ထုတ်သတင်းစာများတွင်ဖော်ပြပေးထားပါသည်။ ကျောင်းသား၊ ကျောင်းသူ များနှင့်ပတ်သက်၍ မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိကြောင်းလည်း အတိအလင်း ဖော်ပြထားသည်။ အနှစ်ချုပ်ဆိုရသော် မိဘတိုင်းကသားသမီးများကို ကျောင်းအပ်နှံပေးကြခြင်းဖြင့် ကလေးများ၏ပညာရေးကို အလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။  ။