နေပြည်တော်၌ ကျောင်းအပ်နှံရေးရက်သတ္တပတ်စတင် ဆောင်ရွက်

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ်  မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားကာ ယနေ့တွင် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း   ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ကျဆရာ၊ ဆရာမများက ကျောင်းအတွင်းမဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးဘေစင်များတွင်  စနစ်တကျ လက်ဆေးသန့်စင်စေခြင်း၊ ကျောင်းသားစာရင်း ပေးသွင်းရာတွင်လည်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး အလိုက်တန်းစီစေ၍ ကျောင်းအပ်နှံနိုင်စေရေး ဆောင်ရွက်ပေးသည်။

ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဦးဝင်းခိုင်၊ ကျောင်းအုပ်ကြီး၊ အထက(၆)နေပြည်တော် ဇမ္ဗူသီရိမြို့နယ်

အခြေခံပညာကျောင်းတွေကို ဇွန်လမှာ ဖွင့်တာဖြစ်တဲ့အတွက်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  ဇွန် ၂ ရက်မှာ ကျောင်းတွေစဖွင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းမဖွင့်မီ မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်လက်ခံတဲ့ ရက်သတ္တပတ်လို့ သတ်မှတ်ပြီး  ဒီနေ့ကစပြီး ကျောင်းအပ်လက်ခံခြင်းကို နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံပါတယ်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ အကြောင်းမျိုးမျိုးကြောင့် ကျောင်းမတက် ခဲ့ရတဲ့ ကလေးတွေကိုလည်း ဘယ်အတန်း တွေတက်ရမယ်ဆိုတာ စီစဉ်ဆောင်ရွက်ပေး ထားပါတယ်။ ကျွန်တော်တို့ကျောင်းမှာ ပြီးခဲ့တဲ့နှစ်က ကျောင်းသား၊ ကျောင်းသူပေါင်း ၁၁၄၇ ဦးရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူအသစ်ကိုလည်း ကျောင်းရဲ့ ဝင်ဆံ့အင်အားအပေါ် မူတည်ပြီး လက်ခံသွားမှာပါ။ ကျောင်းစတင်ဖွင့်တဲ့ရက်မှာပဲ စာစသင်နိုင်အောင် ဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ထားပါတယ်။ ဒီနေ့ကျောင်းလာအပ်တဲ့ နေရာမှာ  ကျောင်းသား၊ ကျောင်းသူတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းလာအပ်တာ တွေ့ရပါတယ်။ ဒီနေ့ပထမဆုံးနေ့မှာပဲ ပြီးခဲ့တဲ့နှစ်ရဲ့ ၅၀ ရာခိုင်နှုန်းခန့် လာအပ်တာ တွေ့ရပါတယ်။ ယခင်နှစ်ကလိုပဲ ကိုဗစ်စည်းကမ်းအတိုင်း ပဲဆက်သွားမှာပါ။ မူလတန်း ငါးနှစ်မှ ၁၂ နှစ်အထိ ကလေးတွေကို ဇွန် ၂ ရက် ကျောင်းစဖွင့်တဲ့နေ့မှာပဲ ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှ မူလတန်းအတွက် ပုံနှိပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ၊ ကျောင်းဝတ်စုံတစ်စုံ အခမဲ့ ပေးပါတယ်။ အလယ်တန်းအတွက် ပုံနှိပ်တစ်စုံ၊   ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ၊ ဘောပင်တွေ  အခမဲ့ထောက်ပံ့ပေးပါတယ်။

ဒေါ်ဝင်းသန္တာအောင်၊ အလယ်တန်းပြ၊ အထက(၃)  နေပြည်တော်၊  ပုဗ္ဗသီရိမြို့နယ်

ကျွန်မတို့ အထက(၃) ကျောင်းအပ်နှံ ရေးသီတင်းပတ်ကတော့ မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိဖြစ်ပါတယ်။ ကျောင်း သူ၊ ကျောင်းသား တွေကို ကျောင်းသုံးဗလာ စာအုပ်တွေကို အောင်သီရိဖောင်ဒေးရှင်းက တစ်ဒါဇင်၊ နိုင်ငံတော်အစိုးရက တစ်ဒါဇင်၊ ပုံနှိပ်စာအုပ်၊ Mask ငါးခုကို အခမဲ့ဖြန့်ဝေနေပြီး ကျောင်းသားတွေကို ကျောင်းအပ် လက်ခံပေးနေပါတယ်။ ဇွန် ၂ ရက်မှာ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျောင်းတွေကို  ပြန်လည်ဖွင့်လှစ်မှာဖြစ် တဲ့အတွက် ကျောင်းသားအားလုံး ကျောင်း လာတက်ရောက်ဖို့  ဖိတ်ခေါ်ပါတယ်။ ကျောင်းတွေလည်း လာအပ်နှံပါတယ်ရှင်။ ကျွန်မတို့ရဲ့ ပညာရေးဆောင်ပုဒ်ဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို ပညာရေးနှင့် တည်ဆောက်မှာ ဖြစ်တဲ့အတွက် နိုင်ငံတော်ကြီးကို  မျိုးဆက်သစ်လူငယ်တွေက ပခုံးပြောင်း တာဝန် ထမ်းဆောင်မှာ ဖြစ်တဲ့အတွက် အဲဒီလူငယ်တွေ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ဖို့ တစ်နည်းအားဖြင့် လူငယ်တွေပညာတတ်တွေဖြစ်ဖို့ ကျောင်း နေအရွယ်ကလေးတိုင်း ကျောင်းနေဖို့လိုပါတယ်။

ဒေါ်ငယ်ငယ်၊ ကျောင်းသားမိဘ၊ တပင်ရွှေထီးရပ်ကွက်၊   နေပြည်တော်၊ ပုဗ္ဗသီရိမြို့

ကျွန်မရဲ့သားက အထက(၃)မှာ စနစ် သစ်ဆယ်တန်းတက်မှာဖြစ်ပြီး သမီးက အထက(၂၀)မှာ  ွမေိန-၃ တက်မှာဖြစ်ပါတယ်။ သားနဲ့သမီးကို ပညာတတ် တစ်ယောက်ဖြစ်စေချင်တယ်။ အဲဒါကြောင့်လည်း မတိမ်းမစောင်းအောင် အမြဲထိန်း ကျောင်းပေးနေရတယ်။ သူတို့ရည်ရွယ်ချက်တွေပျောက်မသွားရအောင် အမြဲတမ်းသတိ ပေးနေပါတယ်။ ကျွန်မအမြင်ပြောရရင် ကလေးတွေကျောင်းထဲရောက်ဖို့ဆိုတာ မိဘတွေမှာ တာဝန်အပြည့် ရှိတယ်လို့ မြင်မိပါတယ်။  ကျွန်မဆိုရင်  ကိုဗစ်ကြောင့် ကျောင်းပိတ်ထားလို့ ကျောင်းမတက်ဖြစ် တာတောင် ကျောင်းစာတွေစိမ်းသွားမှာ ကြောက်လို့ စာတွေနွှေးနေဖို့၊ စာတွေဖတ် နေဖို့  အမြဲစောင့်ကြည့် သတိပေးနေခဲ့မိတယ်။ အဲ့လိုမဟုတ်ရင် သူတို့ကအားရင် ဖုန်းပွတ်ဖို့ချောင်းနေတာ။ လိုင်းသုံးတယ်ဆိုတာ ကောင်းတာရှိသလို မကောင်းတာတွေလည်း ပါနိုင်တယ်။ သူတို့ဘာတွေ ကြည့်နေတယ်ဆိုတာကို မိဘတွေက အချိန်ပြည့်မကြည့်နိုင်တဲ့အတွက် မသိနိုင်ဘူးလေ။ အဲတော့သူတို့တွေ စာနဲ့ဝေးပြီး ကျောင်းသား စိတ်ပျောက်သွားမှာ စိုးလို့  အားရင်စာကိုပဲ  ဖတ်ခိုင်းခဲ့ မိပါတယ်။

ကျောင်းဖွင့်တဲ့ ဒေသမှာရှိတဲ့ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို ကျောင်းထဲရောက် အောင်ပို့သင့်တယ်လို့ ထင်ပါတယ်။ ကျောင်းဖွင့်လို့ မရတဲ့အခြေအနေမှာရှိတဲ့  မိဘတွေကိုလည်း  ကိုယ့်ကလေးတွေကို  စာနဲ့ မဝေးအောင်၊ အပြင်စိတ်တွေရောက် မသွားအောင် စာတွေကိုလေ့လာခိုင်းဖို့ အကြံပြုလိုပါတယ်။

မမြတ်ကေဇင်သော်၊ Grade-11 အထက(၃)နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်

ယခုလူငယ် နောင်ဝယ်လူကြီးဆိုသလို သမီးတို့လူငယ်တွေဟာ နောင်တစ်ချိန်မှာ နိုင်ငံတော်ရဲ့တာဝန်တွေကို ထမ်းဆောင် ကြရမယ့် လူငယ်တွေဆိုရင်လည်း မမှားပါ ဘူး။ အဲဒါကြောင့် အဲဒီလိုနိုင်ငံတော်ရဲ့ တာဝန်တွေကို တစ်တပ်တစ်အား ထမ်းဆောင်ရာမှာ ပညာတတ်တွေဖြစ်ဖို့လိုပါ တယ်။ ကျောင်းမတက်ဖြစ်တဲ့ သူတွေကိုလည်း  ကျောင်းအပ်ကြပါလို့ ပြောချင်ပါတယ်။ မနှစ်ကလည်း သမီးတို့တွေ ကိုဗစ်စည်းကမ်းနဲ့အညီ  ပညာသင် ခဲ့ပါတယ်။  အဲဒါကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်ကြပါလို့  တိုက်တွန်းပြောကြားချင် ပါတယ်ရှင်။   အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းမတက်ဖြစ်လိုက်တဲ့ သူငယ်ချင်းတွေ အနေနဲ့ အပြင်စိတ် ရောက်သွားပြီဆိုပြီး  ကျောင်းကို လက်မလွှတ်လိုက်ဘဲနဲ့  စိတ်တွေကို ပြန်ပြင်ဆင်ပြီး ကျောင်းထဲကို ပြန်လာခဲ့ကြပါ။ သင်ယူရင်းနဲ့ စိတ်တွေပြင်ဆင်ရင်းနဲ့ အတူတူကျောင်းတက်ကြမယ်။ သူငယ်ချင်းတို့ကို ဖိတ်ခေါ်ပါတယ်။ သမီးရဲ့အနာဂတ် ရည်မှန်းချက်က  သားဖွားပါရဂူတစ်ယောက် ဖြစ်ချင်ပါတယ်။  အဲဒီအတွက်  ငယ်စဉ် ကတည်းက ရည်မှန်းချက် ထားကြိုးစားခဲ့ပါတယ်။ အခုလည်း မမှိတ်မသုန်ကြိုးစား သွားမှာပါ။ သားဖွားမီးယပ် ပါရဂူဆိုတာ လူနှစ်ယောက်ရဲ့ အသက်ကို ကယ်တဲ့သူဖြစ်သလို တစ်ချိန်မှာ နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်လာမယ့်သူတွေကို မွေးထုတ်ပေးတဲ့သူ လည်းဖြစ်လို့    သားဖွားမီးယပ်ပါရဂူ တစ်ယောက် ဖြစ်အောင်  ကြိုးစားသွားမှာပါ။

လင်းကြည်လင်း