နေပြည်တော် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် ညနေ ၃ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက် ဇောတိက(၃) လမ်းရှိ ဇော်မင်းစိုး၏ နေအိမ်ကို သတင်းအရဝင်ရောက်ရှာဖွေရာ ကျော်ကျော်အောင်၊ ဝင်းထွန်း၊ လှစိန်မောင်၊ ချစ်ဦးမောင်၊ ဇင်မင်းကို၊ လွင်မင်းထိုက်နှင့် သက်ပိုင်ဦးတို့ ၇ ဦးနှင့်အတူ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ သိန်းနှင့် မြန်မာငွေကျပ်သိန်း ၁၅၀ တို့သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၂ နာရီတွင် မင်္ဂလာဒုံမြို့နယ် ပုလဲ(၃)ရပ်ကွက် စံပယ်လမ်းရှိ ဇော်မင်းစိုးက ကျော်ကျော်အောင်အမည်ဖြင့် ငှားပေးထားသည့်နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြားသိန်း ၄၀ ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားသိန်း ၅၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်အရ မေ ၁၈ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့ မြိတ်တောင်နယ်မြေ ဇေယျာသီရိ(၃)ရပ်ကွက် ခူဒိုင်လမ်းနေ မမီးငယ်စိုး(ခ) သီတာစိုးကို မြန်မာငွေကျပ် ၈၅ သိန်းနှင့်လည်းကောင်း၊ ပြည့်စုံနှင့် ကျော်သူတို့အား HINO ၆ ဘီး မော်တော်ယာဉ်တစ်စီး၊ မြန်မာငွေကျပ် သိန်း ၄၀ တို့နှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့သယ်ဆောင်ပြီး ဖမ်းမိနေအိမ်များ၌သိုလှောင်၍ တနင်္သာရီ တိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်တို့သို့ သယ်ဆောင်ရောင်းဝယ်ကြောင်းနှင့် သယ်ဆောင်ရောင်းဝယ်သူ ဇော်မင်းစိုးမှာ ထွက်ပြေး တိမ်းရှောင် လျက်ရှိသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)