ယမန်နေ့မှအဆက်
မေး - မျောက်ကျောက်ရောဂါဗိုင်းရပ်ပိုးက ဘယ်လိုတိရစ္ဆာန်တွေမှာ ရှိနေနိုင်တာလဲ
ဖြေ- မျောက်ကျောက်ရောဂါရှိနိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေအနေနဲ့ အဓိကအားဖြင့် ရှဉ့်၊ကြွက်၊ မျောက်၊ လူဝံ စတဲ့ တောရိုင်းတိရစ္ဆာန်တွေမှာ ရှိနေနိုင်တာ ဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါအနေနဲ့ မျောက်တွေမှာ စတင်တွေ့ရတာဖြစ်ပေမယ့်လည်း မည်သည့်တောရိုင်းတိရစ္ဆာန်ဆီက အတိအကျစတင်တယ်ဆိုတာနဲ့ တောရိုင်းသဘာ၀ (Wildlife) မှာ ဗိုင်းရပ်ရဲ့ သံသရာလည်ပုံကိုသိရှိရအောင် လေ့လာမှုတွေဆောင်ရွက်ဖို့ လိုအပ်နေသေးတာလည်းဖြစ်ပါတယ်။
မေး - မျောက်ကျောက်ရောဂါက ဘယ်လိုကူးစက်တာပါလဲ
ဖြေ- မျောက်ကျောက်ရောဂါ ကူးစက်ပုံတွေ အနေနဲ့ တောရိုင်းတိရစ္ဆာန်တွေဆီက ကူးစက်ခြင်းနဲ့ လူအချင်းချင်း ကူးစက်ခြင်းတို့ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်ထားတဲ့ တောရိုင်းတိရစ္ဆာန်ရဲ့ သွေး၊ ဆီး၊ တံတွေး စတဲ့ခန္ဓာကိုယ်ကထွက်ရှိတဲ့အရည်တွေ၊ အညစ်အကြေးတွေနဲ့ တိရစ္ဆာန်အရေပြားပေါ်မှာရှိတဲ့ အနာခွက်တွေကို တိုက်ရိုက်ထိတွေ့မိခြင်းကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။
လူအချင်းချင်းကူးစက်မှုအနေနဲ့ကတော့ တိုက်ရိုက်ထိတွေ့မှုကနေတစ်ဆင့် ကူးစက်ခြင်းက ရောဂါရှိသူရဲ့ အနာခွက်တွေကို ထိတွေ့မိရာကတစ်ဆင့်် ကူးစက်ခြင်းနဲ့ ခန္ဓာကိုယ်ကထွက်ရှိလာတဲ့ အရည်တွေ၊ အညစ်အကြေးတွေမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါရှိသူ အသက်ရှူထုတ်လိုက်တဲ့အခါ အစက်အမှုန်တွေက အသက်ရှူလမ်းကြောင်းကနေထွက်လာပြီး အနီးရှိသူများကို တိုက်ရိုက်ဝင်ရောက် ကူးစက်စေခြင်းနဲ့ ရောဂါရှိသူရဲ့ အဝတ်အစားတွေ၊ အိပ်ရာတွေမှာ ကပ်တင်နေတဲ့ ရောဂါပိုးတွေကို လက်ဖြင့် ကိုင်တွယ်မိပြီး လက်ကို စနစ်တကျမဆေးကြောဘဲ မိမိပါးစပ်၊ နှာခေါင်း စသည်တို့ကို ကိုင်တွယ်မိရာက ကူးစက်တာဖြစ်ပါတယ်။
ဒီနေရာမှာ ကိုဗစ်-၁၉ ရောဂါနဲ့ တူညီတဲ့အချက်ကတော့ အသက်ရှူလမ်းကြောင်းနဲ့ လက်ကနေတစ်ဆင့် ကူးစက်နိုင်တာချင်း တူညီတာဖြစ်ပေမယ့် မတူညီတဲ့ အချက်ကတော့ မျောက်ကျောက်ရောဂါပိုးဟာ ကိုဗစ်-၁၉ ရောဂါပိုးထက် ပိုမိုလေးလံတာဖြစ်လို့ ရောဂါပိုးပါဝင်တဲ့ အစက်အမှုန်တွေက အောက်ကို ကျဆင်းတဲ့ နှုန်းပိုများပြီး လူတစ်ဦးနဲ့တစ်ဦး အသက်ရှူလမ်းကြောင်းကနေ တိုက်ရိုက်ဝင်ရောက်ကူးစက်ဖို့အတွက် ရောဂါရှိသူနဲ့ အချိန်အတော်ကြာ မျက်နှာချင်းဆိုင် တွေ့ဆုံတဲ့အခါမှသာ ကူးစက်နိုင်တာကိုလည်း သိရှိရပါတယ်။ ဒါပေမဲ့ လူနာနဲ့ အနီးကပ်နေရတဲ့ မိသားစုဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ စတဲ့သူတွေအတွက်တော့ ကူးစက်ခံရနိုင်ခြေ အလွန်မြင့်မားတာကိုတော့ တွေ့ရပါတယ်။ အခြားကူးစက်နိုင်တဲ့ နည်းလမ်းတွေအနေနဲ့ ရောဂါရှိတဲ့ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားကို ကူးစက်စေတဲ့ မွေးရာပါ မျောက်ကျောက်ရောဂါနဲ့ မွေးကင်းစကလေးကို အနီးကပ်ထိတွေ့ မိရာကနေ ကူးစက်စေတာဖြစ်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်စေခြင်း (Sexually Transmitted Disease) အနေနဲ့တော့ ထင်ရှားစွာသိရှိရခြင်းမရှိသေးဘဲ သုတေသနလေ့လာမှုများ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မေး-Monkeypox(မျောက်ကျောက်ရောဂါ) ကို ဘယ်လိုစမ်းသပ်တွေ့ရှိနိုင်ပါသလဲ
ဖြေ- ရောဂါလက္ခဏာအနေနဲ့ကတော့ အရေပြားပေါ်မှာ အကွက်တွေ၊ အလုံးငယ်တွေ၊ အရည်ကြည်ဖုတွေ ပေါ်ပေါက်လာစေတဲ့ အခြားရောဂါများဖြစ်တဲ့ ကျောက်ကြီးရောဂါ၊ ရေကျောက်ရောဂါ စတာတွေနဲ့ဆင်တူလို့ ခွဲခြားရခက်ပေမယ့် ရောဂါအစပိုင်း လက္ခဏာပြချိန်မှာ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းကြီးထွားတာ (Lymphadenopathy)က အခြားကျောက်ရောဂါတွေနဲ့ သိသာကွဲပြားတဲ့အချက် ဖြစ်ပါတယ်။
မျောက်ကျောက်ရောဂါလို့ သံသယရှိခဲ့ရင် အနာခွက်တွေထဲက အရည် သို့မဟုတ် အနာဖေးကိုရယူကာ ဓာတ်ခွဲခန်းအတွင်းမှာ PCR Test ကိုအသုံးပြုပြီး မျောက်ကျောက်ရောဂါ ဟုတ်၊ မဟုတ်ကို အတည်ပြုနိုင်ပါတယ်။
သွေးရည်ကြည်ကိုအသုံးပြုပြီး Rapid Diagnostic Test (RDT) နဲ့ စစ်ဆေးရင်တော့ အခြားမျိုးအုပ်စုတူတဲ့ ကျောက်ရောဂါတွေနဲ့ ရောထွေးဖော်ပြနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကြီးရောဂါကာကွယ်ဆေး (Smallpox Vaccine) ထိုးနှံထားရင်လည်း မျောက်ကျောက်ရောဂါပိုးရှိတဲ့ အကြောင်း မှားယွင်းဖော်ပြနိုင်တာ ဖြစ်ပါတယ်။
မေး-Monkeypox (မျောက်ကျောက်ရောဂါ) ကို ဘယ်လိုကုသနိုင်ပါသလဲ
ဖြေ- မျောက်ကျောက်ရောဂါကုသရာမှာ ရောဂါလက္ခဏာတွေသက်သာဖို့၊ နောက်ဆက်တွဲအနာတွေ ပြည်တည်တာတွေ ပျောက်ကင်းဖို့နဲ့ ရေရှည်မှာ ခန္ဓာကိုယ်အတွက် ထိခိုက်မှုတွေမဖြစ်စေဖို့ ဦးတည် ဆောင်ရွက်ရပါတယ်။ ဥရောပဆေးပညာရှင်အသင်း (European Medical Association-EMA) က ကျောက်ကြီးရောဂါကုသဆေးဖြစ်တဲ့ ဗိုင်းရပ်ဆန့်ကျင်ဆေးဝါး (Tecovirimat) ကို ၂၀၂၂ ခုနှစ်မှာ မျောက်ကျောက်ရောဂါ ကုသရေးမှာ အသုံးပြုဖို့ လိုင်စင်ပေးထားတယ် ဆိုပေမယ့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတာကိုတော့ မတွေ့ရသေးပါဘူး။
မေး-Monkeypox(မျောက်ကျောက်ရောဂါ) ကို ဘယ်လိုကာကွယ်နိုင်ပါသလဲ
ဖြေ- မျောက်ကျောက်ရောဂါအတွက် ရရှိနိုင်တဲ့ ကာကွယ်ဆေးကတော့ ဗိုင်းရပ်မျိုးနွယ်အုပ်စုချင်းတူညီတဲ့ ကျောက်ကြီးရောဂါကာကွယ်ဆေး (Smallpox Vaccine) ဖြစ်ပြီး မျောက်ကျောက်ရောဂါကိုလည်း ၈၅ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ၁၉၈၀ ပြည့်နှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာပေါ်မှာ ကျောက်ကြီးရောဂါ အမြစ်ပြတ်ကင်းစင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့တဲ့အတွက် ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံမှုကို နိုင်ငံအများစုက ရပ်ဆိုင်းခဲ့တာ ဖြစ်ပါ တယ်။ ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံမှု ရရှိခဲ့တဲ့သူတွေအနေနဲ့ကတော့ လက်မောင်းရင်းမှာ သိသာထင်ရှားတဲ့ အမာရွတ်တွေရှိနေဆဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ မျောက်ကျောက်ရောဂါအတွက် နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးသစ် အနေနဲ့ ထပ်မံထုတ်လုပ်ဖို့ အတည်ပြုချက် ရရှိထားတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီကာကွယ်ဆေးဟာလည်း အရေအတွက် အကန့်အသတ်နဲ့ပဲ ရရှိနိုင်သေးတယ်လို့ သိရပါတယ်။
ရောဂါကာကွယ်ရေးနည်းလမ်းတွေ အနေနဲ့ မျောက်ကျောက်ရောဂါ သံသယလက္ခဏာရှိသူတွေနဲ့ အနီးကပ်ထိတွေ့ခြင်းက ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ မလိုအပ်ဘဲ တောရိုင်းတိရစ္ဆာန်များနဲ့ ထိတွေ့မှု၊ လမ်းဘေးတွေမှာတွေ့ရတတ်တဲ့ တောရိုင်းတိရစ္ဆာန် အသေကောင်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်မှုတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။ အသားတွေကို ချက်ပြုတ်တဲ့အခါမှာ ကျက်အောင်ချက်ပြီးမှ စားသောက်ဖို့လည်း လိုအပ်ပါတယ်။ အကယ်၍ မျောက်ကျောက်ရောဂါလက္ခဏာနဲ့ ဆင်တူခဲ့ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို သတင်းပေးပို့ရမှာဖြစ်ပြီး အနီးကပ် ပြုစုမယ့်သူကလည်း ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ခံယူထားရမှာဖြစ်ပြီး လူနာ၏ခန္ဓာကိုယ်မှ ထွက်ရှိတဲ့ အရည်များ၊ အညစ်အကြေးများကို ကိုင်တွယ်ပါက လက်အိတ်အသုံးပြုခြင်း၊ လက်ကို စနစ်တကျဆေးကြောခြင်း၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးတို့ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူနာနှင့်ထိတွေ့ချိန် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။
မေး-ကိုဗစ်-၁၉ ရောဂါ၊ မျောက်ကျောက်ရောဂါ စတဲ့တိရစ္ဆာန်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ဘယ်လိုကာကွယ်နှိမ်နင်းရပါမလဲ
ဖြေ- မျောက်ကျောက်ရောဂါအပါအဝင် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်သည့်ရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် လူသားများကျန်းမာရေးကဏ္ဍ (Human Health) တစ်ခုတည်း ဆောင်ရွက်၍မရဘဲ တိရစ္ဆာန်ကျန်းမာရေးကဏ္ဍ (Animal Health) နှင့် ပတ်ဝန်းကျင်ကျန်းမာရေးကဏ္ဍ (Environment Health) တို့ ပူးပေါင်းဆောင်ရွက်သည့် အားလုံးပါဝင်သည့် တစ်ခုတည်းသော ကျန်းမာရေးပုံစံ (One Health Approach) ဖြင့် ဆောင်ရွက်မှသာလျှင် လုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ပြီး အနာဂတ်ကာလတွင် ပေါ်ပေါက်လာနိုင်သည့် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်သည့် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကမ္ဘာ့ကပ်ရောဂါကြီးများနှင့် ဒေသအလိုက်ဖြစ်ပေါ်လာနိုင်သည့် ကပ်ရောဂါများကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
တိရစ္ဆာန်ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသို့ ပြည်ပမှ တောရိုင်းတိရစ္ဆာန်များ တင်သွင်းခွင့်ကို ပိတ်ပင်ထားပြီး ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ မျောက်ကျောက်ရောဂါ လက္ခဏာရှိသော တိရစ္ဆာန် များနှင့် အနီးကပ်ထိတွေ့ခဲ့သော တိရစ္ဆာန်များကိုလည်း ကွာရန်တင်း ရက် ၃၀ ထားရှိ၍ မျောက်ကျောက်ရောဂါ လက္ခဏာများ ပေါ်ပေါက်လာခြင်း ရှိ၊ မရှိ စောင့်ကြည့် ရမည်ဖြစ်ပြီး ၎င်းတို့ကို ကိုင်တွယ်ရာတွင်လည်း အကာအကွယ် စနစ်တကျ အသုံးပြု၍ ကိုင်တွယ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အကြံပြုထားပါတယ်။
အထက်တွင်တင်ပြခဲ့သည့် One Health Approach နှင့် ဆက်စပ်၍ ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍ (Global Health) ကိုလည်း နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေး ဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးအဖြစ် (၈)ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေး ဝန်ကြီးများ အစည်းအဝေးကို ကပ်ရောဂါများ ပြင်ဆင်တုံ့ပြန်ရာတွင် One Health Approach နည်းလမ်းအသုံးပြုရေး Promoting One Health Approach to Prepare and Respond to Pandemic ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကလည်း တက်ရောက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
မေး-မြန်မာနိုင်ငံမှာ Monkeypox (မျောက်ကျောက်ရောဂါ) နဲ့ပတ်သက်ပြီး ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိပါသလဲ
ဖြေ- မိမိတို့နိုင်ငံတွင် မျောက်ကျောက်ရောဂါ (Monkeypox) ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို (၂၃-၅-၂၀၂၂) ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ကျင်းပခဲ့ပါတယ်။
အစည်းအဝေး ဆုံးဖြတ်ချက်များအရ ယခုအခါဖြစ်ပွားမှု မရှိတော့သော ကျောက်ကြီးရောဂါ (Smallpox)၊ အလွန်ပြင်းထန်ခြင်း မရှိသော ရေကျောက်ရောဂါ (Chickenpox) နှင့် မျောက်ကျောက်ရောဂါ (Monkeypox)တို့၏ ရောဂါဖြစ်ပွားရာတွင် တွေ့ရှိရသော ရောဂါလက္ခဏာများတွင် ကွာခြားမှု၊ ဖြစ်နိုင်ခြေတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေရေးအတွက် ကျန်းမာရေး အသိပညာများ မြှင့်တင်ပေးနိုင်ရေး၊ ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး ဆောင်ရွက်ပေးနိုင်ရေး၊ မျောက်ကျောက်ရောဂါ၏ သဘော
သဘာဝအရ မြန်မာနိုင်ငံတွင် ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း ကျောက်ရောဂါအမျိုးမျိုးနှင့် ပတ်သက်၍ လည်းကောင်း၊ ရှိရင်းစွဲ ကူးစက်ရောဂါများနှင့် ပတ်သက်၍လည်းကောင်း ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါဖြစ်ပွားမှုများကို စောင့်ကြည့်ရန်နှင့် မိမိတို့နိုင်ငံတွင် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ ရောဂါသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် လာရောက်ပြသနိုင်ရေး၊
ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)