နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

 
နေပြည်တော် မေ - ၂၇

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံ ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေး မှူး ဦးကိုကိုအေး နှင့် ရန်ကုန်တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်ကျော် တို့က လိုဏ်ဂူတော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက် နေမှု အခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကမ္ဘာအေး ဟံသာသီရိ ကုန်းမြေရှိသာသနိက အဆောက်အဦကျောင်းဆောင် ၆ ဆောင် အဆင့်မြှင့်တင်မွမ်းမံခြင်း၊ မြေပြုပြင်ခြင်း၊ နေရာရှုခင်းဆောင်ရွက်ခြင်းနှင့် လမ်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က မဟာပါသဏလှိုဏ်ဂူသည် သမိုင်းဝင်သာသနာ့ အဆောက်အဦဖြစ်သဖြင့် လှိုဏ်ဂူတော်ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ရေရှည် တည်တံ့ခိုင်မြဲ ရေးအတွက် စနစ်တကျပြင်ဆင်ထိန်းသိမ်းရန်လိုအပ်ပြီး ရေအသုံးချ နိုင်မှုနှင့် မီးစနစ်များ စနစ်တကျရှိရန်လိုကြောင်း၊ ယခုပြီးစီးမှုအခြေအနေများကိုလည်း မိုးကာလအတွင်းကြည့်ရှု ၍လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ ဟံသာသီရိကုန်းမြေရှိ သာသနိက အဆောက်အဦကျောင်းဆောင်များအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စေရေးစနစ်တကျဆောင်ရွက်ရန်နှင့် ဆရာတော်ကြီး များ စိတ်အေးချမ်းသာစွာဖြင့် သီတင်းသုံးနိုင်ရန်လိုကြောင်း၊ အဆောက်အဦများ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးချိန်မှသာလျင် လမ်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန်လိုပြီး ရေစီးရေလာကောင်းမွန်ရန်နှင့် လမ်းပုခုံးများကို စနစ်တကျ ဆောင်ရွက်ထားရှိမှသာ လမ်း၏ကြံ့ခိုင်မှုကို ရေရှည်ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လိုဏ်ဂူတော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များလမ်းညွှန်မှာကြား၍ လိုဏ်ဂူတော်ကြီး၏ အပေါ်ဆုံးထပ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား ဖူးမြော်ကြည်ညိုသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ ဝင်များသည် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ သာသနိကအဆောက်အဦများ၊ ဟံသာသီရိကုန်းတော်ရှိ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများလာရောက်စဉ် ခေတ္တသီတင်းသုံးသည့် အဆောင်များနှင့် လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး သည် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေပေါ်တွင် တည်ရှိပြီး ၁၉၅၃ ခုနှစ်တွင် ပန္နက်တော်တင် အုတ်မြစ်တော်စီခဲ့ကြောင်း၊ ဆောက်လုပ်ရေးအရာရှိ နှင့် လုပ်သားပေါင်း ၁၄၈၆ ဦးနှင့် လုပ်အားပေး ကုသိုလ်ရှင်ပေါင်း ၃၃ သိန်းကျော်တို့ ဖြင့် ဆောက်လုပ်ခဲ့ရာ ရက်ပေါင်း ၃၉၆ ရက် ကြာမြင့်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ လိုဏ်ဂူတော်ကြီးအတွင်း သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို ထေရဝါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာတော် အပါး ၂၅၀၀ ဖြင့် ၁၉၅၄ ခုနှစ် မေလ ၁၇ ရက်မှ ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်အထိ ၂ နှစ်နှင့် ၅ ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခြားသော ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အခမ်းအနားကြီး များကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ လိုဏ်ဂူတော်ကြီး၏ သက်တမ်းမှာ ၆၈ နှစ် ရှိပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာသဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် စစ်ဆေးစဉ် အကြီးစားပြင်ဆင်မွမ်းမံခြင်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရှိ ရသဖြင့် အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင် နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။