ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများမှ မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်  

ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများမှ မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 
နေပြည်တော် မေ ၂၇

 
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မြို့ဦးစေတီ ကျောင်းတိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဃောသိတာရာမစာ သင်တိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ နိမ္မိတာရုံစာသင်တိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီး ဌာနများမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်မှ ကျောင်းအုပ်ကြီး ဦးထိန်လင်း နှင့် တာဝန်ရှိသူများသည် မေ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ မိုးကုတ်ဆွမ်းစားဆောင်၌ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ဌာနခွဲတွင် သီတင်းသုံးလျက်ရှိသော သင်ကြား/စီမံ ဆရာတော်များနှင့် ပြည်တွင်း/ပြည်ပ သာသနာပြုကြမည့် သံဃာတော်အရှင်သူမြတ် ၄၆၂ ပါးတို့အား တစ်နေ့တာ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲများနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။