သီးကုန်းစစ်ဆေးရေးဂိတ်၌ Test Kit ဖြင့်စစ်ဆေးရာမှ ကိုဗစ်ပိုးတွေ့သူနှစ်ဦးရှိ

မိတ္ထီလာ၊ ကျန်းမာရေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အမြန်လမ်းမကြီး သီးကုန်း ၂၈၅ မိုင်စစ်ဆေးရေးဂိတ်၌  ကုန်တင်ယာဉ်စီးရေ ၁၀၀ ကျော်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၂၂၇ ဦးအား Test Kit ဖြင့် COVID-19 ရောဂါပိုး စစ်ဆေးပေးခြင်းကို အောက်တိုဘာ ၄ ရက်ကဆောင်ရွက်ရာ ယာဉ်မောင်း တစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့၍ မိတ္ထီလာ ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။

“အောက်တိုဘာ ၄ ရက်မွန်းလွဲပိုင်းက စတင်ပြီး အောက်တိုဘာ ၅ ရက် နံနက် ၂ နာရီကျော်အထိ   အမြန်လမ်းမကြီး သီးကုန်း ၂၈၅ မိုင် စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်စီးရေ ၁၀၀ ကျော်ရှိပါတယ်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စုစုပေါင်း ၂၂၇ ဦးကို COVID-19 ရောဂါပိုးရှိ၊ မရှိစစ်ဆေးပေးခဲ့ တာပါ။ တိုးဂိတ်အနီးမှာ စာရင်းကောက်ယူတာကို ဆောင်ရွက်ပြီး ၂၈၅ မိုင်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့စခန်းမှာ ရောဂါစစ်ဆေးခြင်းကို ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီယာဉ်မောင်း၊ ယာဉ်နောက် လိုက် ၂၂၇ ဦးထဲက ရန်ကုန်ကနေ မန္တလေးကို သွားမယ့် ယာဉ်မောင်းတစ်ဦးနဲ့ မကွေးတိုင်း ဒေသကြီးကနေ မန္တလေးကိုသွားမယ့် ယာဉ်နောက်လိုက်တစ်ဦးတို့မှာ COVID-19 ရောဂါပိုးတွေ့တာ မို့ မိတ္ထီလာဆေးရုံကြီးကိုပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိပါတယ်။ သူတို့နဲ့အတူ ဆက်စပ် အမျိုးသားနှစ်ဦးကိုလည်း အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre ကိုပို့ဆောင်ထားပါတယ်”ဟု ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောသည်။

အဆိုပါယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေး ခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဦးဆောင်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                

ချမ်းသာ(မိတ္ထီလာ)