ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်
နေပြည်တော် မေ ၂၈
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ပခန်းကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဝင်းနိမ္မိတာရုံစာသင်တိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မဟာမေဃဝံကျောင်းတိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြို့မကျောင်းတိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ နန်းတော်ဦးကျောင်းတိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ မြို့လယ်ပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေး ဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။