မကွေးတိုင်းဒေသကြီး၌ ကိုဗစ်ပိုးတွေ့လူနာ ၆၇ ဦး ဆေးရုံဆင်းခွင့်ရရှိသူ ၃၀ ဦးရှိ

မကွေး၊ ကျန်းမာရေး

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အောက်တိုဘာ ၄ ရက်ညထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး၌ ကိုဗစ်ပိုးတွေ့လူနာ ၁၆ ဦးထပ်တိုးလာပြီးဒေသတွင်း၌ လူနာဦးရေ ၆၇ ဦး အထိရှိလာရာ ၃၀ ဦးမှာ ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ထပ်တိုးပိုးတွေ့လူနာများတွင် သရက်မြို့နယ်မှ အမျိုးသမီးတစ်ဦး၊ ပခုက္ကူမြို့နယ်မှ အမျိုး သားတစ်ဦး၊ ဆင်ပေါင်ဝဲ မြို့နယ်မှ အမျိုးသားနှစ်ဦး၊ မကွေးမြို့နယ်မှ အမျိုးသားသုံးဦး၊ အမျိုးသမီး တစ်ဦး၊ ရေနံချောင်းမြို့နယ်မှ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ မင်းဘူးမြို့နယ်မှ အမျိုးသမီးနှစ်ဦး၊ နတ်မောက်မြို့နယ်မှ အမျိုးသမီးတစ်ဦး၊ မြို့သစ်မြို့နယ်မှ အမျိုးသမီးတစ်ဦး စုစုပေါင်းမြို့နယ် ခုနစ်မြို့နယ်မှ အမျိုးသားရှစ်ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၆ ဦးတို့တွင် COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်သည်။

“ပိုးတွေ့လူနာအားလုံးက Facility Quarantine ဝင်နေသူများဖြစ်ပါတယ်။ သက်ဆိုင်ရာမြို့နယ် တွေမှာ ဆေးကုသမှု ခံယူစေမှာဖြစ်ပါတယ်” ဟုမကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက ပြောသည်။

မကွေးတိုင်းဒေသကြီး၌ ဧပြီ ၁၃ ရက်တွင် ကိုဗစ်ပိုးတွေ့လူနာစတင်တွေ့ရှိခဲ့ပြီး အောက်တိုဘာ ၄ ရက် ညအထိ ကိုဗစ်ပိုးတွေ့လူနာ ၆၇ ဦးရှိခဲ့ရာ ၃၀ ဦးမှာ ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်သည်။

ဒေသအလိုက်မှတ်တမ်းများအရ ကိုဗစ်ပိုးတွေ့လူနာများမှာ မကွေးမြို့နယ်၌ ၂၁ ဦး၊ နတ်မောက်မြို့ နယ်၌ ခြောက်ဦး၊ မြို့သစ်မြို့နယ်၌ လေးဦး၊ တောင်တွင်းကြီးမြို့နယ်၌သုံးဦး၊ သရက်မြို့နယ်၌ သုံးဦး၊ အောင်လံမြို့နယ်၌ ငါးဦး၊ မြိုင်မြို့နယ်၌တစ်ဦး၊ မင်းလှမြို့နယ်၌ နှစ်ဦး၊ ပေါက်မြို့နယ်၌ တစ်ဦး၊ ချောက်မြို့နယ်၌ ငါးဦး၊ ပခုက္ကူမြို့နယ်၌နှစ်ဦး၊ ရေနံချောင်းမြို့နယ်၌ ငါးဦး၊ ပွင့်ဖြူမြို့နယ်၌တစ်ဦး၊ စလင်းမြို့နယ်၌ လေးဦး၊ ဆင်ပေါင်ဝဲ မြို့နယ်၌ နှစ်ဦး၊ မင်းဘူးမြို့နယ်၌ နှစ်ဦး စသည့်မြို့နယ် ၁၆ မြို့နယ်၌  စုစုပေါင်း ၆၇ ဦးဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အကြောင်းကိစ္စ အမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မကွေးတိုင်း ဒေသကြီး လိပ်စာပေးထားသည့် ကိုဗစ်ပိုးတွေ့လူနာများလည်း ရှိနေကြောင်း သိရသည်။

 (၄၀၂)