ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ လာရောက်အပ်နှံသည့် ကျောင်းသား ကျောင်းသူ ၁၃၀၃၉ ဦး အထိရှိ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်လုပ်ငန်းများ ဆောင်ရွက်မှုကို မတ် ၂၆ ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းလာရောက် အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ ၁၃၀၃၉ ဦး ရှိပြီး မေ ၂၇ ရက်တွင်လည်း ကျောင်းအပ် လက်ခံမှုအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံးပါဝင်ပေး”ဆောင်ပုဒ်များ နှင့်အညီ အခြေခံပညာ ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၇၅၁၇ ဦး၊ အလယ်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၃၃၃၇ ဦး၊ အထက်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ၂၁၈၅ ဦး စုစုပေါင်းကျောင်းသား၊ကျောင်းသူ ၁၃၀၃၉ ဦး လာရောက်အပ်နှံပြီးဖြစ်သည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၃၄၉၂၉ ဦးရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက်ရောက်နိုင်မည့် မျှော်မှန်းကျောင်းသား၊ ကျောင်းသူ ၃၅၅၀၀ ခန့်ရှိနိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၄၆ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ငါးကျောင်းနှင့် အလယ်တန်း လေ့ကျင့်ရေးကျောင်းတစ်ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်း၊ စုစုပေါင်း ၂၅၄ ကျောင်းရှိကာ အခြေခံပညာ ကျောင်းများကို ဇွန် ၂ ရက်တွင် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။