မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ စုပေါင်းရှင်ပြုအလှူတော်မင်္ဂလာ ပြုလုပ်
နေပြည်တော်၊ မေ - ၂၉
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းရှင်ပြုအလှူတော်မင်္ဂလာကို မေ ၂၈ ရက် နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဆုထူးပန်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇိန္ဒ အမှူး ပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရှင်သာမဏေလောင်းများအား တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမမှ မြစ်ကြီးနားမြို့တွင်း လှည့်လည်၍ အောင်တော်မူသကျမာရဇိန်အံတော်ရှင် စေတီတော် မြတ်ကြီးအား လှည့်လည်ပူဇော်ကြသည်။ ထို့နောက် ယနေ့နေ့လယ်ပိုင်းတွင် သံဃာတော်များက ရှင်သာမဏေလောင်း ၈၅ ပါးနှင့် သာသနာနွယ်ဝင်သီလရှင်လောင်း ၁ ပါးတို့ကို ဆံချကာ သင်္ကန်းစည်းပေးခြင်းနှင့် သာသနာ့ဘောင်သို့ သွတ်သွင်းပေးခြင်း များကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဆုထူးပန်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ အနုမောဒနာတရားနာယူခဲ့ကြကြောင်း သတင်းရရှိသည်။