ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တိုင်းဒေသကြီးအဆင့်ကျောင်းအပ်နှံရေးနေ့ ကျင်းပပြုလုပ်

ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တိုင်းဒေသကြီးအဆင့်ကျောင်းအပ်နှံရေးနေ့ ကျင်းပပြုလုပ်

နေပြည်တော်၊ မေ-၂၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေး နေ့ကို ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် ဌာဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဆရာအတတ်ပညာဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့် လှစ်ပေးသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဆရာအတတ်ပညာဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို ပေးအပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက အသီးသီးလက်ခံရယူကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ သည် ခန်းမအတွင်းခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခုမှ ကျောင်းအပ်နှံရေးဆောင်ရွက်မှုမှတ်တမ်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။