သူကောင်းတည်မြစ်ရေတင်ဖြင့် မိုးစပါး ၂၉၃ ဧက စိုက်ပျိုးပြီးစီး

ညောင်ဦး၊ စိုက်ပျိုးရေး

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်  သူကောင်းတည်မြစ်ရေတင်မှ ပေးလွှတ်သောရေဖြင့်  မိုးစပါး ၂၉၃ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သူကောင်းတည် လျှပ်စစ်မြစ်ရေတင် တာဝန်ခံ ဦးလှပြုံး(ဦးစီးအရာရှိ)ထံမှ သိရသည်။

ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် မိုးစပါးစိုက်ပျိုးရန် သြဂုတ်လတွင် စတင်ပျိုး ထောင်ခဲ့ကြောင်း၊ ပျိုးထောင်ပြီး ၂၁ ရက်သားပျိုးပင်များကို လယ်ကွင်းအတွင်း ပြောင်းရွှေ့စိုက်ပျိုး ကြကြောင်းသိရသည်။

သူကောင်းတည်မြစ်ရေတင်ဖြင့် ဆင်းသုခ၊ မနောသုခစပါးမျိုးကို  တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်း စနစ်ဖြင့် စိုက်ပျိုးကြသည်။ တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းသည် ပျိုးထောင်စိုက်ပျိုးခြင်းထက် အထွက်နှုန်းလျော့သော်လည်း စရိတ်စက၊ လူပင်ပန်းမှု အလွန်သက်သာပြီး မြစ်ရေဖြင့်စိုက်ပျိုးရ ခြင်းကြောင့် စပါးခင်းများကောင်းမွန်ကြောင်း အောက်ညဉ့်ကျေးရွာ စပါးစိုက်တောင်သူ ဦးသိန်းစိုး ကပြောသည်။

မိုးစပါးစိုက်တောင်သူများအနေဖြင့် စပါးသီးနှံ ရိတ်သိမ်းပြီးချိန်အထိ တစ်ဧကလျှင် စိုက်ပျိုးရေသွင်း စရိတ် ငွေကျပ် ၆၀၀၀ ပေးသွင်းရပြီး နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ငွေကျပ် ၉၀၀၀ ပေးရကြောင်းနှင့် အခြားသီးနှံအတွက် ငွေကျပ် ၃၀၀၀ ပေးသွင်းရကြောင်း သိရသည်။ မိုးစပါး စိုက်ပျိုးရာတွင် စပါးတစ်ဧကအတွက် ကောက်စိုက်သမတစ်ဦးလျှင် ငွေကျပ် ၅၅၀၀၀ ဖြင့် ဧကပြတ် စိုက်ပျိုးလာကြကြောင်း ၎င်းကဆက်လက်ပြောသည်။

ညောင်ဦးမြို့နယ်တွင် လက်ပံခြေပေါ်မြစ်ရေတင်၊ ငါ့သရောက်မြစ်ရေတင်၊ သူကောင်းတည်မြစ်ရေ တင်၊ ကျောက်ကူးမြစ်ရေတင်နှင့် လောကနန္ဒာမြစ်ရေတင် ငါးခုရှိကြောင်း သိရသည်။

ကိုထိန်၊ KPD