အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေး

အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေး

နေပြည်တော် မေ ၂၉

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်   နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က     နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြသည်။

ယင်းနောက် ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်အပေါ်  လေ့လာတွေ့ရှိချက်များအား ညှိနှိုင်းရေးကော်မတီမှ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့က ၂၀၀၈ ခုနှစ်   ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်အား အဆိုပြုဆွေးနွေးပြီး  တက်ရောက်လာသူများက အလွတ်သဘော ဆွေးနွေးညှိနှိုင်းကြသည်။ အထွေထွေဆွေးနွေးခြင်း အနေဖြင့် ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက် များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ပါ ဆွေးနွေးရန် အချက်များနှင့်ပတ်သက်၍ လည်းကောင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ် ဖော်ထုတ် စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲ ဆွေးနွေးချက်များအရ နှစ်ဖက်သဘောထားများကို သဘောထား စုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြပြီး နိုင်ငံရေး ပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက် ပေါင်းနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ  ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြကြောင်း သိရှိရသည်။