ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် ဆွဲကြိုးလုယက်မှုတွင် ကျူး လွန်ခဲ့သူများအား လက်နက်ခဲယမ်းများနှင့်အတူ  ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၃၀

        ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃) ရပ်ကွက်၊ ရှင်ထွေးညိုလမ်းရှိ လမင်းလက် ဖက်ရည်ဆိုင်ရှေ့၌ မေ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အဆိုပါ မြို့နယ်နေ အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးကို လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သူများ အား မေ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် လက်နက်ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

        ဆွဲကြိုးလုယက်ယူဆောင်မှုနှင့်ပတ်သက်၍ ကျူးလွန်သူများ မောင်းနှင်အသုံးပြု ခဲ့သည့် မော်တော်ယာဉ်သွားလာရာ လမ်းတစ်လျှောက်ရှိ CCTV များမှတစ်ဆင့် အသုံး ပြုသည့် မော်တော်ယာဉ်ကို ဖော်ထုတ်တွေ့ရှိခဲ့ရပြီး အဆိုပါယာဉ်မှာ ကြည့်မြင်တိုင်မြို့ နယ်နေ သော်ဇင်အောင် (ဘ) ဦးလှိုင် က ငှားရမ်းအသုံးပြုထားသည့် မော်တော်ယာဉ် ဖြစ်ကြောင်းသိရှိရသဖြင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၎င်းနှင့်အတူ အောင်ပိုင်စိုး (ဘ) ဦးစံသောင်းတို့ကို ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းနှင့် ဗားကရာလမ်းဆုံအနီး၌ ပစ္စတိုသေနတ် ၁ လက်၊ LUGER ၉ မမ ကျည် ၁၁ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

        ၎င်းတို့၏ ပြောကြားချက်များအရ လုယက်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်နေ ဝတုတ် (ခ) ကျော်ကျော် (ခ) ကျော်ကျော် တင် (ဘ) ဦးဝင်းနိုင် ကို အဆိုပါရပ်ကွက်ရှိ ဂိတ်ဟောင်းမှတ်တိုင်အနီး၌လည်းကောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၆)ရပ်ကွက်နေ ဝင်းထွန်း (ခ) ထွန်းဝင်း (ဘ) ဦးသောင်းဟန်ကို ၎င်း၏နေအိမ်၌လည်းကောင်း၊ ထန်းတစ်ပင်မြို့နယ်၊ ရိုးလေး ကျေးရွာနေ ကျော်သူ (ခ) ကျော်ကြီး (ဘ) ဦးစိုးမောင်ကို ၎င်း၏နေအိမ်၌ လည်း ကောင်း အသီးသီးထပ်မံဖမ်းဆီး ရမိခဲ့သည်။

        ၎င်းတို့သည် ဆွဲကြိုးလုယက်မှုကို ကျူးလွန်ပြီး အဆိုပါဆွဲကြိုးအား လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ၁၀၃ မှတ်တိုင်အနီး၌ ငွေကျပ် ၉ သိန်းဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပြီး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဉပဒေနှင့်အညီ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။