နေပြည်တော် မေ ၃၀
မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources(HR) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများဆောင်ရွက် ပေးလျက်ရှိသည့် စာသင်ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက် ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများကိုပါ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်နေ ထုတ်လိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဖြစ်သူ ဦးကိုအောင်ကျော်(ဘ) ဦးတလွန်ကိမ်းသည် ကျောင်းဖွင့်လှစ်ရန်အတွက် မေ ၂၅ ရက်မှစ၍ ဒုတိယကျောင်းအုပ်ဖြစ်သူ ထုတ်လိုင်ကျေးရွာရှိ ဦးမှန်ဟင်းခိုင်(ဘ) ဦးလျန်ထန်း၏နေအိမ်၌တည်းခိုနေထိုင်၍ ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်စဉ် မေ ၂၇ ရက် ည ၈ နာရီခန့်တွင် လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် CDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဦးကိုအောင်ကျော်အား ဒလန်ဟုစွပ်စွဲကာ ကျေးရွာ၏တောင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြမ်းဖက်သမားများနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။