လီဗာပူးအသင်းသည် လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးမာနေးကို လက်လွှတ်ရမည့် အခြေအနေများကြောင့် ၎င်း၏နေရာ၌ ဘာစီလိုနာ အသင်းတိုက်စစ်မှူး ဒမ်ဘီလီနှင့် အစားထိုးရန် တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မာနေးသည် လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေ သေးသော်လည်း လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်နေခြင်း ဖြစ်သည်။
လီဗာပူးအသင်းကလည်း မာနေးထွက်ခွာခဲ့ပါက ၎င်း၏နေရာ၌ အစားထိုးရန် ကစားသမားရှာဖွေမှုများ ပြုလုပ်ပြီးနောက် လက်ရှိတွင် ဘာစီလိုနာအသင်း တိုက်စစ်မှူး ဒမ်ဘီလီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် ၎င်း၏အေးဂျင့်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ယခုဘောလုံး ရာသီနှောင်းပိုင်းတွင် ဘာစီလိုနာ အသင်းနှင့် အကောင်းဆုံးခြေစွမ်းပြပြီး စပိန် လာလီဂါပြိုင်ပွဲတွင် ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သည့် ဒမ်ဘီလီသည် ဇွန်လကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေသည့်အတွက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖွယ်ရှိကြောင်း သိရသည်။
Ref;Sport.Com