ရန်ကုန်တိုင်းဒေသကြီးအတွင်း CO-VID- 19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းဧက ၆၀၀၀ နီးပါးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်း၏ ပြောပြချက်အရ သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ဆင်းသုခ၊ မနော သုခ၊ ရတနာတိုး၊ ရက် ၉၀၊ စူပါနှံကောက်၊ ပေါ်ဆန်းရင်၊ ပေါ်ဆန်းဘေးကြား၊ ဧရာ မင်း၊ ကျော်ဇေယျ၊ ရွှေဝါထွန်း၊ မှော်ဘီ (၂)၊ မှော်ဘီ (၃)၊ မှော်ဘီကောက်ညှင်းမွှေး၊ ရေမြုပ်ခံ၊ ဒဂုံမျိုးဟူသည့် စပါးမျိုးကွဲပေါင်း ၁၅ မျိုးကို စိုက်ဧက ၅၉၂၉ ဧက၌ လျာထားချက်အတိုင်း စိုက်ပျိုးထားခြင်းဖြစ်သည်။
လတ်တလော မျိုးကွဲပေါင်း ၁၅ မျိုးကို စိုက်ပျိုးထားသော်လည်း မျိုးကွဲအမျိုးအစားများပေါ် မူတည်၍ စိုက်ပျိုးသူများ အား တစ်ဧကလျှင် ငွေကျပ် ၁၄၈၅၀၀ မှ ၁၅၅၀၀၀ အထိ ပံ့ပိုးပေးမည် ဖြစ်သည့်အပြင် စိုက်ပျိုးချိန်မှ မျိုးသိမ်းချိန်အထိ အဆင့်ဆင့်ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စိုက်ပျိုးသည့် အစီအစဉ်များသာ ဆောင်ရွက်နေပြီး ထွက်ရှိလာသည့် မျိုးများကို နိုင်ငံတော်မှ ပြန်လည် ဝယ်ယူခြင်း ရှိ၊ မရှိကို ဆွေးနွေးမှုမပြုလုပ် ရသေးကြောင်း၊ CERP ဖြင့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ မှော်ဘီ၊ လှည်းကူး၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ စသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အားလုံးနီးပါးတွင် မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်းများ စိုက်ပျိုးထားပြီး မြို့နယ်အလိုက် စိုက်ဧကများကွာခြားမှုရှိကြောင်း သိရသည်။
နေနေ