ကြိုတင်ကာကွယ်ရောဂါအန္တရာယ်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန်  ၂  ရက်)

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူလူထုတစ်ရပ်လုံး အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှု ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါသည် မြန်မာနိုင်ငံအတွင်းပျောက်ကွယ်လုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ကူးစက်မှုနှုန်း မှာလည်း နေ့စဉ်ထုတ်ပြန်ချက်သတင်းများအရ သုည ဒသမ ၅ အောက်သို့ရောက်ရှိနေပြီး သေဆုံးမှုနှုန်းမှာလည်း မရှိသလောက် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ကို ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံရှိပြည်သူများအတွက် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ စိတ်သောကအေးချမ်းရမည့် အနေအထားဖြစ်သည်။ မြန်မာတို့အတွက် လွန်စွာကံကောင်းနေသော်လည်း နိုင်ငံတကာသတင်းများအရ ပြည်ပနိုင်ငံအချို့တွင် မျောက်ကျောက်ရောဂါဟူသောအမည်ဖြင့် ရောဂါတစ်မျိုး ကူးစက်နေကြောင်းသိရှိရသည်။ မျောက်ကျောက်ရောဂါ အကြောင်းလေ့လာကြည့်သောအခါ ၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့ရှိ ဓာတ်ခွဲခန်းအတွင်းက မျောက်များတွင် ဗိုင်းရပ်ရောဂါပိုးတစ်မျိုးစတင်တွေ့ရှိခဲ့သဖြင့် Monkeypox (မျောက်ကျောက်ရောဂါ)ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါရောဂါသည် အာဖရိကတိုက် ကွန်ဂိုနိုင်ငံ ၎င်းဒေသအလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံရှိ အပူပိုင်း မိုးသစ်တောများတွင် ၁၉၇၀ ပြည့်လွန်နှစ်များက လူများ၌စတင်ဖြစ်ပွားခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များတွင် ပျောက်ကွယ်သွားခဲ့သည်။ ယခုမှတစ်ဖန် ပြန်လည် ပေါ်ပေါက်လာသော ရောဂါဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ အာဖရိကနိုင်ငံအပြင် ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ အစ္စရေး၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ မော်ရိုကိုနှင့်သြစတြေးလျအပါအဝင် ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားနေကြောင်း သိရှိရသည်။

မျောက်ကျောက်ရောဂါဖြစ်ပွားမှုသည် အလွန်ရှားပါးသည့်ဖြစ်စဉ်ဖြစ်ပြီး အထူးသဖြင့် ဥရောပဒေသတွင် အဖြစ်များနေကြောင်းနှင့် သေဆုံးမှုမရှိသေးကြောင်းသိရသည်။ ရောဂါလက္ခဏာများအနေဖြင့် ဦးခေါင်း ပြင်းထန်စွာကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်း နွမ်းနယ်ခြင်း၊ လည်ပင်းအကျိတ်များရောင်ရမ်းခြင်း၊ နောက် ကျောနာခြင်း၊ လည်ပင်း၊ ချိုင်းကြားနှင့်ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းကြီးထွားခြင်း၊ ၎င်းနောက်တွင် မျက်နှာ၊ ခြေ၊ လက် တစ်ကိုယ်လုံးအနှံ့ အရေပြားအပေါ်ယံလွှာများတွင် အရည်ကြည်ဖုများ ပေါက်လာခြင်း တို့ဖြစ်မည်။ ယင်းအဖုအကွက်များ ကိုယ်လုံးပေါ်တွင်ထွက်ခြင်းထက် မျက်နှာ၊ ခြေ၊ လက်တို့ပေါ်တွင် ပို၍ ထွက် တတ်ပါသည်။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အဆုတ်ရောဂါ၊ ဦးနှောက်ရောင်ရောဂါများဖြစ်တတ်ပြီး မျက်ကြည်လွှာပိုးဝင်ခြင်း များလည်း ဖြစ်တတ်သည်ဟု သိရှိရသည်။

အဆိုပါ ရောဂါနှင့်ပတ်သက်၍ အသက်အန္တရာယ်ဆုံးရှုံးနိုင်မှု ရှိ/မရှိကို လက်ရှိထုတ်ပြန်ထားသော မှတ်တမ်းများအရ လူ ၁၀၀ ဦးမှာ ရောဂါဖြစ်ပွားလျှင် အဖိတ်အစဉ်ဖြစ်နှုန်းမှာ ၁၀ ဦးထက်နည်းသည်ဟု ဆိုထားပါသည်။ မျောက်ကျောက်ဗိုင်းရပ်သည် ရောဂါဖြစ်သူက ထွက်လာသည့် တံတွေး၊ သလိပ်၊ အရေပြားအနာမှ ထွက်သည့်အရည်များနှင့် ထိမိလျှင်ကူးစက်မည်။ ရောဂါဖြစ်သူ ချောင်းဆိုး၍ ထွက်လာသည့်  သလိပ်က တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ ကြမ်းပြင်ပေါ်မှာသွားကပ်နေပြီး အဆိုပါအမှုန်များ ခြောက်ကပ် သွားချိန် လေတိုက်သည့်အခါ လေထဲမှာပျံ့လွင့်နေမည်။ ထိုအမှုန်ကိုရှူမိပါက ရောဂါကူးစက်မည်။ ထိုအမှုန်များက မျက်နှာပေါ် ရောက်လာလျှင်၊ မျက်စိထဲဝင်သွားလျှင်၊ နှာခေါင်းထဲဝင်သွားလျှင် ကူးစက်ကာ ရောဂါဖြစ်ပွားပေလိမ့်မည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်ကာ နိုင်ငံအတွင်းရောဂါ စောင့်ကြပ်ကြည့်ရှုသည့် စနစ်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ပညာရှင်များကလည်း ဤရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်းပါးများ ရေးသားဖြန့်ဖြူး လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများ၊ အလေ့အကျင့်ကောင်းများကို ပြည်သူ အားလုံးသိရှိပြီးလိုက်နာကြပြီးဖြစ်ပါသည်။ ရောဂါအများစုသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ပျံ့နှံ့တတ်သည်ဖြစ်ရာ အဆိုပါ ဗိုင်းရပ်ပိုးကို မရှူမိအောင် နှာခေါင်းစည်းတပ်ထားခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ တံခါးလက်ကိုင်၊ လှေကားလက်ကိုင်များမှာ ပိုးများကပ်နေသည့်အတွက် လက်ကိုဆပ်ပြာနှင့် သေသေချာချာဆေးကြောရပါမည်။  ထို့ပြင်  ရောဂါပိုးများအများကြီး ရှိနိုင်သော နေရာမှာ လူထူထပ်သောနေရာဖြစ်ပေရာ ထိုနေရာများကို မသွားခြင်းဖြင့် ရှောင်ကြဉ်ရပေမည်။ အနှစ်ချုပ်ဆိုရသော် နှာခေါင်းစည်း တပ်ခြင်း၊ လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်းတို့ကို မပျက်မကွက်လုပ်ဆောင်ခြင်းဖြင့် ကာကွယ်နိုင်ပါကြောင်း ရေးသားလိုက် ရပေသည်။    ။