ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၁၃၇ ခုအား အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်းကြေညာ

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၁၃၇ ခုအား အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်းကြေညာ

အသိပေးကြေညာချက်

၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိက လမ်းကြောင်း ဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများ အပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း  အပိုဒ် ၃၅ တို့တွင် ပို့ကုန်တင်ပို့သူသည်   ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း((၁၀-၁၁-၂၀၂၁)ရက်နေ့မှစ၍ သုံးလအတွင်း) ယင်း၏ ဘဏ်စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။

၂။      သို့ဖြစ်ပါ၍ ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန် လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို ပို့ကုန်တင်ပို့သည့်နေ့မှစ၍ ခြောက်လအတွင်း  ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြား သုံးငွေဖြင့် မပျက်မကွက် ပြန်လည် ထည့်သွင်းစေရေးအတွက်  ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ  မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊  ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း(AD)လိုင်စင်ရဘဏ်များ ပူးပေါင်း၍   အောက်ပါတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်-

    (က ) AD လိုင်စင်ရဘဏ်များမှ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခြင်း၊(၂ နှစ်ကြာ ကာလအတွင်း)

    (ခ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခြင်း၊ (ရက်ပေါင်း ၆၀)

    (ဂ)သတင်းစာများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ Website တွင် စာရင်းရှင်းလင်းရန် ကြေညာခြင်း၊(ရက်ပေါင်း ၆၀)

    (ဃ )စာရင်းရှင်းလင်းမှု မရှိသူများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ပသက)ပိတ်သိမ်းခြင်း၊ (ရက်ပေါင်း ၃၀)

    ( င )ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ ဦးဆောင်၍ပို့ကုန်တင်ပို့သူများနှင့် အစည်းအဝေး (၅)ကြိမ်ပြုလုပ်၍ ရှင်းလင်း ဆွေးနွေးခြင်း။

၃။      ပို့ကုန်တင်ပို့သူများ အနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ ဖြစ်သော “မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရ”ဟုလည်းကောင်း၊ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက  အဆိုပါဥပဒေ ပုဒ်မ ၄၂-ကအရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”ဟုလည်းကောင်း ပြဋ္ဌာန်းချက်များကို လိုက်နာရမည်ဖြစ်ပါသည်။

၄။      ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး  ပို့ကုန်ရငွေ  ပြန်လည် ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများအား အထက်အပိုဒ် (၂) ပါအတိုင်း အကြောင်းကြားခြင်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊  အစည်းအဝေးများ ပြုလုပ်၍  ဆွေးနွေးခြင်းတို့ကို အကြိမ်ကြိမ် ပြုလုပ်ပြီးသော်လည်း ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ရန် ကျန်ရှိသော ကုမ္ပဏီ(၁၃၇)ခုရှိပါသည်။

၅။      အဆိုပါကုမ္ပဏီ(၁၃၇)ခု (ပူးတွဲစာရင်း)အား  နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများနှင့် ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်းနှင့် ကျန်ရှိနေသေးသည့် ပို့ကုန်ရငွေဝင်ရောက်ရန် ကျန်ကုမ္ပဏီများအားလည်း အရေးယူဆောင်ရွက်ရန် ဆက်လက်စိစစ်လျက် ရှိကြောင်း ကြေညာပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

(၃ - ၆ - ၂၀၂၂)