တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ၌ ငွေကျပ် သိန်းပေါင်း ၂၅၀၀ ကျော်တန်ဖိုးရှိ တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများနှင့်စားသောက်ကုန် ပစ္စည်းများ ရောင်းချနိုင်ခဲ့

နေပြည်တော်၊ အောက်တိုဘာ -

   

တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် တန်ဖိုးသင့်ထမင်း၊ ဟင်းလျာများနှင့် စားသောက်ကုန်ပစ္စည်းများကို ယခင်ကပင် ရောင်းချပေးလျက်ရှိသည်။

   

ယခုအချိန်တွင် နိုင်ငံတစ်ဝှမ်း၌ COVID-19  ရောဂါဖြစ်ပွားလျက်ရှိပြီး အဆိုပါ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသည် အမျိုးသားရေးကိစ္စဖြစ်၍ တပ်မတော်အနေဖြင့် တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်သည်များအား လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ရေရှည် ဆောင်ရွက် ရမည့်ကိစ္စဖြစ်၍ ပြည်သူများ၏စားရေးကိစ္စ လိုအပ်ချက်ဖြစ်ပေါ်လာပါက ဆောင်ရွက် ပေးနိုင်ရန် ကြိုတင်စဉ်းစားထားရမည်ဖြစ်ကြောင်း၊ ကိုယ်ခံအားကောင်းစေရန်အတွက် သာမန်လူတစ်ဦးလိုအပ်သည့် ကယ်လိုရီအတွက် စနစ်တကျတွက်ချက်၍ တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများအား အရင်းအတိုင်း ရောင်းချပေးနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေ ဆောင်ရွက်ပေးရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သဖြင့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ စားသောက်ရေးအဆင်ပြေစေရန် အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလဆန်းမှစ၍ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ပြည်သူ့ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် အခြားနေရာများ၌ တပ်မတော်သားမိသားစုဝင်များ၏ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့် တပ်မတော်စက်ရုံထုတ် စားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ထပ်မံရောင်းချပေးလျက်ရှိသည်။

   

ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အလိုက် ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံပေါင်း ၂၉၉ ရုံတို့၌ ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများအား တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တပ်မတော်သားများနှင့် မိသားစုဝင်များက တန်ဖိုးငွေကျပ်သိန်းပေါင်း ၂၅၀၀ ကျော်တန်ဖိုးရှိ တန်ဖိုးသင့် ထမင်း၊ ဟင်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ၃၉၂၈ ကြိမ် ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။