ကာဒစ်ဖ်၊ ဘောလုံး
ဝေးလ်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ယူကရိန်းအသင်း နှင့်ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင်ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ခဲ့ပါက အရေးယူမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ (ဥရောပဇုန်)မှ ခြေစစ်ပွဲအောင်မြင်မည့် လက်ကျန်တစ်နေရာအတွက် အသင်းလေးသင်း ဆီမီးဖိုင်နယ် အဆင့်မှ စတင်ကစားရကာ ဝေးလ်အသင်းက ပိုလန်အသင်းကိုအနိုင်ရရှိခဲ့သကဲ့သို့ ယူကရိန်းအသင်းက စကော့တလန် အသင်းကို အနိုင်ရရှိပြီးနောက် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ဇွန် ၅ ရက်တွင် ဝေးလ်အသင်းနှင့် ယူကရိန်းအသင်းတို့သည် ဝေးလ် နိုင်ငံရှိ ကာဒစ်ဖ်အသင်းအိမ်ကွင်း၌ ကစားရမည်ဖြစ်သည်။
ဝေးလ်အသင်းအနေဖြင့် ယူကရိန်းအသင်းကိုအနိုင်ရရှိပြီး ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိမည်ဆိုပါက အသင်းသမိုင်းတစ်လျှောက် ၆၄ နှစ်အတွင်းပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည့်အတွက် အိမ်ကွင်း၌ပရိသတ်များ ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံမည့် အခြေအနေများရှိလာနိုင်သဖြင့် ပြိုင်ပွဲမတိုင်မီကတည်းက ကြိုတင်သတိပေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဘောလုံးရာသီက မန်စီးတီးအသင်းအပါအဝင် အသင်းကြီးတချို့နှင့် တန်းတက်ခွင့်အတွက် ရှုံးထွက်အဆင့်ပွဲစဉ်များ တွင်လည်း အနိုင်ရရှိသည့်အသင်းများအနေဖြင့် ပွဲစဉ်အပြီးတွင် ပရိသတ်များ ကွင်းအတွင်းဝင်ရောက် အောင်ပွဲခံမှုများရှိခဲ့သည့် အတွက် ဝေးလ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အဆိုပါဖြစ်ရပ်ကဲ့သို့ ဖြစ်မလာစေရန် ပြင်းပြင်းထန်ထန် တားမြစ်ထားကြောင်း သိရသည်။
Ref;Goal.com