ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် သစ်တောရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း၌ ဇွန် ၃ ရက်က ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက နေရာယူကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကား ပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်ကာ ဖွင့်ပွဲပွဲစဉ်အဖြစ် တာချီလိတ်ခရိုင်အသင်းနှင့် လားရှိုးခရိုင်အသင်းတို့ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန် ၃ ရက်မှ ၁၃ ရက်အထိ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်း ၁၅ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်
ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။