မြန်မာနိုင်ငံအရပ်ရပ်သို့ ကုန်စည်တင်ပို့မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ကျန်းမာရေး စစ်ဆေးမှုကို ဂိတ်အလိုက်နှင့် အသင်းဝင်အမှတ်စဉ်အတိုင်း ပြောင်းလဲပြုလုပ်နေကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်း၏ ပြောဆိုချက်အရသိရသည်။
ထိုသို့ ပြောင်းလဲပြုလုပ်ရခြင်းမှာ စစ်ဆေးလိုသည့် ယာဉ်အစီးရေနှင့် စစ်ဆေးနိုင်မည့် ယာဉ်အစီးရေ ကွာခြား နေသောကြောင့် အသင်းဝင်များ အငြင်းပွားမှု၊ အထင်မြင်လွဲမှားမှုနှင့် လူစုလူဝေးမဖြစ်စေလိုသောကြောင့် အသင်းဝင် အမှတ်စဉ်အတိုင်း တစ်ဂိတ်လျှင် အသင်းသား တစ်စီးနှုန်းဖြင့် အစဉ်လိုက် ကျန်းမာရေး စစ်ဆေးပေးလျက်ရှိသည်။
ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရာတွင် သတ်မှတ်ချက်အတိုင်း အရေးကြီးကုန်စည်ဖြစ်သည့် မရှိမဖြစ် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ တင်ဆောင်ပြီးသော ယာဉ်များကိုသာ စစ်ဆေးပေးမည်ဖြစ်ပြီး မိမိအမှတ်စဉ်တွင် ယာဉ်ထွက်စရာမရှိပါက နောက်အမှတ်စဉ်အသင်းသားကို ပေးမည်ဖြစ်ကြောင်း၊ အသင်းသားသည် မိမိဆေးစစ်ခွင့်ရရှိသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အား တာဝန်ခံရမည်ဖြစ်ပြီး ယင်းအစီအစဉ်ကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထို့ပြင် နောက်နေ့စစ်ရန် တစ်ရက်ကြိုတင်စာရင်းပေးရမည်ဖြစ်ပြီး စစ်ခွင့်ရသလောက် အမှတ်စဉ် ဆက်တိုက် ခေါ်ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ တစ်ဦးလျှင် Test Kit အတွက် ငွေကျပ် ၂၀၀၀၀ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
နေနေ