တိုင်းပြည်ကောင်းကျိုးသယ်ပိုးရည်သန်

မိဘနှင့်ဆရာများက မိမိတို့၏ သားသမီး၊ တပည့်များကို ဗလငါးတန်နှင့် ပြည့်စုံပြီး တိုင်းပြည်ကအားထားရသော လူတော်လူကောင်းများ ဖြစ်စေချင်သည်။ စိတ်ရင်းစိတ်ထားကောင်းကောင်းများဖြင့် အများအကျိုး သယ်ပိုးလိုသူများ ဖြစ်စေချင်သည်။ စိတ်ကောင်းစေတနာကောင်းမှာ စာရိတ္တကောင်းမွန်ရန် လိုအပ်ပေသည်။ ဗလငါးတန်တွင် အဓိက အကျဆုံးသောအရာမှာ စာရိတ္တဗလ ဖြစ်သည်။ စာရိတ္တ ကောင်းမွန်ရန်အတွက် စောင့်စည်းအပ်သည်ကို စောင့်စည်းရပေမည်။ စာရိတ္တဖြည့်တင်းခြင်းမှာ မကောင်းသည်ကို ရှောင်ကြဉ်၍ ကောင်းသည်ကို လုပ်ဆောင်ခြင်းပင် ဖြစ်လေသည်။

လူတိုင်းသည် ကောင်းသော အပြုအမူကိုပြုလျှင် ကောင်းမွန်သည်။ မကောင်းသော အပြုအမူကိုပြုမူလျှင် ဆုတ်ယုတ် ထိခိုက်စေနိုင်ပါသည်။ မကောင်းမှုကို ရှောင်ရန်မှာ  မိမိလုပ်ဆောင်မည့် လုပ်ရပ်သည် မိမိအတွက်၊ သူတစ်ပါးအတွက် ကောင်းကျိုးဖြစ်မဖြစ် စဉ်းစားဆုံးဖြတ်ရန် ဖြစ်သည်။ မကောင်းမှုကိုရှောင်ခဲ့လျှင် ပြုသမျှသည် ကောင်းမှုများသာ ဖြစ်နိုင်လေသည်။ မကောင်းမှုကို ရှောင်ရှားရန်မှာ ခိုင်မာသောစိတ်၊ သန့်စင် သောဆန္ဒဖြင့် နေထိုင်သွားလာရန် ဖြစ်သည်။  မိမိစိတ်ကို ချုပ်တည်းနိုင်ခြင်းသည် အောင်မြင်မှု၏ လမ်းအစကို တွေ့မြင်ရခြင်း ဖြစ်သည်။ စိတ်ပင်ပန်းသည်ဟု ဆိုနိုင်စေကာမူ မကောင်းမှုကိုပြုရန် ဆန္ဒရှိတော့မည် မဟုတ်ပေ။

လူတစ်ဦးတွင် လိုချင်တပ်မက်မှု လောဘနည်းနိုင်သမျှနည်းအောင်  စိတ်ကိုထိန်းချုပ်နိုင်ခြင်းသည် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်မည့်အရေးကို တားဆီးလိုက်ခြင်း ဖြစ်ပေသည်။

မြတ်စွာဘုရားဟောကြားတော်မူသော သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်တွင် အတ္တသမ္မာ ပဏိဓိစ-  မိမိ၏ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ စောင့်ထိန်းခြင်း၊ ဝိနယောစသုသိက္ခိတော-ကိုယ်နှုတ်နှလုံးကို ယဉ်ကျေး အောင်ဆုံးမတတ်သည့် လူနှင့်ဆိုင်သောကျင့်ဝတ်တရားကို ကောင်းစွာသင်ယူခြင်း၊ သုဘာသိတာစယာဝါစာ-ကောင်းသော စကားကိုပြောဆိုခြင်း/အပြောအဆို ယဉ်ကျေးခြင်း၊ အနဝဇ္ဇာနိကမ္မာနိ-အပြစ်ကင်းသော အမှုတို့ကိုပြုခြင်း၊ အာရတီ-မကောင်းမှုမဖြစ်အောင်ဝေးစွာ ရှောင်ခြင်း၊ ဝီရတီပါပါ- မကောင်းမှုမဖြစ်အောင် ကိုယ်စိတ်နှစ်ပါးဖြင့် ရှောင်ကြဉ်ခြင်း၊ သန္တုဋ္ဌီစ- ရောင့်ရဲလွယ်ခြင်း (လောဘအလို မလိုက်ခြင်း)၊ တပေါစ-ခြိုးခြံစွာ ကျင့်ခြင်းစသည်တို့မှာ စာရိတ္တကောင်းမွန်ရေးအတွက် ဖြစ်သည်။

လူသားများအနေဖြင့်  မိမိတို့၏ စားဝတ်နေရေးအတွက် အလုပ်ကိစ္စများကို လုပ်ဆောင်နေရာတွင် စိတ်အလိုသို့ မလိုက်ဘဲ စောင့်ထိန်းခြင်းသည် စိတ်အေးချမ်းမှုကိုရရှိစေမည်။ ရောင့်ရဲမှု အဆုံးအပိုင်းအခြား မရှိလျှင် လောဘကိုသတ်၍ ရမည်မဟုတ်ပေ။ လောဘမသတ်နိုင်သလောက် စာရိတ္တပျက်ပြားမှုနှင့် အကျိုးမဲ့မှုတို့ ဖြစ်ပေါ်လာနိုင်ပေသည်။ ဖြစ်လာသမျှ အခြေအနေကို ကျေနပ်နှစ်သိမ့်နိုင်ခြင်းသည် ရောင့်ရဲမှုကို ရရှိ စေခြင်းပင်ဖြစ်သည်။ အလိုအလျောက်ခြိုးခြံစွာကျင့်ဆောင်နိုင်စေပြီး စာရိတ္တကို ခိုင်မတ်အောင် အထောက် အပံ့ပြုနိုင်စွမ်း ရှိလေသည်။

စာရိတ္တကောင်းသူတစ်ဦးသည် အိမ်၌ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ ဘဝလမ်းကြောင်းနှင့် ဆက်ဆံရေး ပြင်ပလောက၌ ဖြစ်စေ ချစ်ခင်သူများပြားပေမည်။ စာရိတ္တကောင်းခြင်းသည် တစ်နေ့အမှု၊ တစ်လအမှု မဟုတ်ပေ။ တစ်သက်တာအမှုပင်ဖြစ်လေသည်။ အကျင့်ကောင်းခြင်းသည် စိတ်ကောင်းမှထွက်ပေါ်လာ ခြင်းဖြစ်သည်။ စိတ်ဓာတ်ကောင်းသူသည် အတတ်ပညာထူးချွန်သူထက် ပေါင်းသင်းအပ်သော မိတ်ဆွေဖြစ် သည်ဟုပညာရှိတို့မိန့်ဆိုထားသည်။ လူငယ်တစ်ယောက်စာရိတ္တကောင်းသည်ဟု ပြောဆိုချီးမွမ်းရာ၌ သူသည်စာရိတ္တဟူသော အရည်အချင်းကို စောင့်စည်းမှု၊ လိုက်နာမှု၊ သိမြင်မှု၊ ပြုပြင်မှု၊ ထိန်းသိမ်းမှုတို့ဖြင့် ပေါင်းဖွဲ့စုစည်းထိန်းသိမ်းထား၍ ချီးမွမ်းခံရခြင်း ဖြစ်သည်။

လူတစ်ဦးနှင့်တစ်ဦး အကဲဖြတ် စဉ်းစားဆုံးဖြတ်ကြသည့်အခါ စာရိတ္တကောင်းခြင်း၊ မကောင်းခြင်းသည် အဓိက ဆုံးဖြတ်ရာဖြစ်သည်။ လူတို့သည် အသက်ရှင်နေသမျှ ကာလပတ်လုံး လှုပ်ရှားဆောင်ရွက်ရန် ကိစ္စအ၀၀ ရှိသမျှအတွက် အရည်အချင်းသုံးစွဲရမြဲ ဖြစ်လေသည်။ ထိုသို့အမျိုးမျိုးကို သုံးစွဲရာတွင် စာရိတ္တသည် လူတို့အတွက် လိုအပ်သောပဲ့ကိုင်အရည်အချင်းဖြစ်သည်။ မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်းဟူသော ဟီရိသြတ္တပ္ပတရားနှစ်ပါးကို စောင့်ထိန်းလိုက်နာ ကျင့်ကြံသူသည် စာရိတ္တကောင်းသူအဖြစ် အများသတ်မှတ်ကြပေလိမ့်မည်။

စာရိတ္တကောင်းခြင်းသည် သာမန်လူများတွင်သာမက နိုင်ငံ့ဝန်ထမ်းများတွင်လည်း လွန်စွာ အရေးပါလှပေသည်။ အထူးသဖြင့် အရုပ်ဆိုးအကျည်းတန်ဆုံးသောလုပ်ရပ်များမှာ နိုင်ငံတော်နှင့်လူမျိုးအတွက် အရေးကြီးသော အကြောင်းအရာ အချက်အလက်သတင်းများကို မသိသင့်သူများအား သိစေခြင်း၊ ပေါက်ကြားစေခြင်း၊ သတင်းရောင်းစားခြင်းတို့ ဖြစ်ပြီး ထိုလုပ်ဆောင်မှုများသည် စာရိတ္တပျက်ယွင်းခြင်းပင် ဖြစ်သည်။

ထို့ထက်ပိုမို၍ ငွေကြေးလက်ခံရယူကာ နိုင်ငံတော်နှင့် နိုင်ငံသားအပေါ် သစ္စာစောင့်သိရန် ပျက်ကွက်ခြင်းမျိုး သည်လည်း စာရိတ္တချို့ယွင်းခြင်း ဖြစ်ပေသည်။ စာရိတ္တကောင်းမွန်သူသည် မိမိ၏ စာရိတ္တကို ငွေကြေးဖြင့် ဘယ်သောအခါမှ အလဲအလှယ်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံသားတိုင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်သူတိုင်း

တိုင်းပြည်ကောင်းကျိုးသယ်ပိုးရည်သန် စိတ်ကောင်းမှန်ဖြင့် ထမ်းဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။