စစ်ဘက်ခေါင်းဆောင်များပီသစွာဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်းပီသသည့် စိတ်ဓာတ်တို့ဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန်လို

စစ်ဘက်ခေါင်းဆောင်များပီသစွာဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်းပီသသည့် စိတ်ဓာတ်တို့ဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန်လို

နေပြည်တော်၊ ဇွန် - ၈

တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူများအားလုံးသည် မိမိဆန္ဒအလျောက် တိုင်းချစ်၊ ပြည်ချစ်စိတ်ဖြင့် တာဝန်ထမ်းဆောင်နေခြင်းပင်ကြောင်း၊ မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိတို့၏ဆန္ဒအလျောက် တပ်မတော် အတွင်း ဝင်ရောက်လာကြသူများဖြစ်သဖြင့် မိမိကိုယ်ကို ဂုဏ်ယူပြီး တန်ဖိုးထားကြ ရန်လိုကြောင်း၊ စစ်ဘက်ခေါင်းဆောင်များဖြစ်သဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ရှိရန်နှင့်  ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ နေထိုင်ကျင့်ကြံရန်နှင့် ကွပ်ကဲအုပ်ချုပ်ရန် လိုအပ် မည်ဖြစ်ကြောင်းနှင့် မိမိကိုယ်ကို မိမိ တိုးတက်အောင်အမြဲလေ့လာလေ့ကျင့်နေကြရ မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိကြီးများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများ၊ အမျိုးသမီးခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူ များ၊ နယ်မြေခံလေတပ်စခန်းဌာနချုပ်မှ အရာရှိကြီးများအား သက်ဆိုင်ရာခန်းမများ၌ သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး၊ နည်းပြ အရာရှိ များ၊ သင်တန်းသူအမျိုးသမီးအရာရှိများနှင့် ဗိုလ်လောင်းများ၊ နယ်မြေခံ လေတပ်စခန်း ဌာနချုပ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

အမျိုးသမီးစစ်မှုထမ်းများ မွေးထုတ်ပေးပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့အသီးသီးတွင် တာဝန်ပေးအပ်လျက်ရှိ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တပ်မတော်၌ အမျိုးသမီးစစ်မှုထမ်းများ ခန့်အပ်တာဝန်ပေးအပ်ထမ်းဆောင်လျက်ရှိသည်မှာ ၁၉၅၈ ခုနှစ် ကတည်းကပင် ရှိခဲ့ ကြောင်း၊ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ကြားကာလအချိန်များတွင် ဆေး ဝန်ထမ်းတပ်ဖွဲ့များမှအပ အခြားအမျိုးသမီးစစ်မှုထမ်းများကို တာဝန်ပေးအပ်နိုင်မှု မရှိခဲ့ကြောင်း၊ မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ချိန်၌ တပ်မ တော်တွင် အမျိုးသမီးအရာရှိများ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်၌ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့အသီးသီး၌ အမျိုးသမီးအရာရှိများ တာဝန်ထမ်းဆောင်လျက်ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် အခြား အဆင့် အမျိုးသမီးစစ်မှုထမ်းများကိုလည်း မွေးထုတ်တာဝန်ပေးအပ်ခဲ့ပြီး တပ်မတော် တွင် အမျိုးသမီးစစ်မှုထမ်းများကို ဆက်လက်မွေးထုတ်ပေးလျက်ရှိကြောင်း။

အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အမျိုးသမီး လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ဆောင်ရွက်ရမည်

မကြာသေးမီကကောက်ခံခဲ့သည့် သန်းခေါင်စာရင်းတွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြပြီး အများစုမှာမှီခိုသူများဖြစ်ပြီး လုပ်အား များ အပြည့်အဝအသုံးမချနိုင်သည်ကိုတွေ့ရှိရကြောင်း၊ ပညာရေး၊ ရုံး/ဌာန၊ အထည် ချုပ် လုပ်ငန်းပါသည့် SME များတွင်အများစုလုပ်ကိုင်ကြသည်ကိုတွေ့ရကြောင်း၊  ထို့ကြောင့် လူ့စွမ်းအား အရင်းအမြစ်နှင့် ပတ်သက်၍ အမျိုးသမီးများ၏ အခန်းကဏ္ဍ ကို လေးလေးနက်နက်ဖြင့် စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ဧရိယာသည် စတုရန်းမိုင်ပေါင်း ၂၆၀၀၀၀ ကျော်၊ လူဦးရေ ၅၅ သန်းကျော်ရှိကြောင်း၊ စိုက်ပျိုးမြေများ များစွာရှိပြီး မျှတသည့်ရာသီဥတုရှိကြောင်း၊ ဒေသအလိုက် ထိုက်သင့်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကို ဆောင်ရွက်၍ရကြောင်း၊ သဘာဝမှပေးထားသည့် အရင်းအမြစ်များကို အသုံးချ ဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံတိုးတက်လာမည်ဖြစ်ပြီး ၎င်းတို့ကို အသုံးချနိုင်ရန် အတွက် လူသားအရင်းအမြစ်များလည်း လိုအပ်သဖြင့် အမျိုးသမီးများသည်လည်း ပါဝင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အမျိုးသမီး စစ်မှုထမ်းများသည် အမျိုးသားများပင် တာဝန်ထမ်းဆောင်ရန် ခက်ခဲသည့် တပ်မတော်၌မိမိဆန္ဒအလျောက် တိုင်းချစ်၊ ပြည်ချစ်စိတ်ဖြင့် တာဝန်ထမ်းဆောင်လျက် ရှိသဖြင့် မိမိကိုယ်ကိုဂုဏ်ယူပြီး တန်ဖိုးထားကြရန်လိုကြောင်း၊ တပ်မတော်တွင် သင်တန်းစတင်တက်ရောက်သည့် အချိန်မှစ၍ တပ်မတော်သားဘဝကိုခံယူရမည်ဖြစ် ပြီးတိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်မည်ဟူသည့် ရှိရင်းစွဲအခံစိတ်များဖြင့် မိမိရွေးချယ်သည့်လမ်းကြောင်းပေါ်တွင် စိတ်ကိုပိုင်နိုင်စွာ ဆုံးဖြတ်ချက်ချ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ခေါင်းဆောင်မှုပညာရပ်များကို အသုံးချ၍ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်

ယခုသင်တန်းတက်ရောက်ကြသူများသည် အသက် ၁၈ နှစ်အထက်ရှိပြီးသူများ ဖြစ်သဖြင့် မိမိကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်သည့် အရွယ်များဖြစ်ကြကြောင်း၊ သင်တန်းပြီးဆုံးပြီး တန်းပြည့်စစ်မှုထမ်းချိန်တွင် စစ်သားစိတ်ဖြင့် တာဝန်ထမ်းဆောင် ရန်လိုကြောင်း၊ အရာရှိများအနေဖြင့် စစ်ဘက်ခေါင်းဆောင်များဖြစ်သဖြင့် ရဲရင့်ပြတ် သားသည့်စိတ်ရှိရန်လိုကြောင်း၊  ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ လက်အောက် ငယ်သားများကို ညီညွတ်မျှတစွာဖြင့် အုပ်ချုပ်ရန်လိုကြောင်း၊ အမျိုးသမီးအရာရှိများကို ရွေးချယ်ဆောင်ရွက်ရာတွင် အဆင့်ဆင့်အကဲဖြတ် စစ်ဆေးဆောင်ရွက်ပြီး ခေါင်းဆောင်မှု အရည်အချင်းအပေါ် အခြေခံ၍ရွေးချယ်ခြင်းပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှု ပညာရပ် များနှင့်ပတ်သက်၍ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆောင်ရွက်နေရန်လိုကြောင်း။

မိမိတို့တာဝန်ထမ်းဆောင်သည့် လုပ်ငန်းရပ်များအပေါ် အလေးထားဆောင်ရွက် ရန်လိုကြောင်း၊ စည်းကမ်းရှိရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ရန်လည်း အမြဲမပြတ် ဂရုတစ်စိုက်ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း၊ တက္ကသိုလ် ပြီးမြောက်ပြီးသူများ ဖြစ်သဖြင့် ဘာသာရပ်ဆိုင်ရာအတွေ့အကြုံများရှိပြီးအရည်အချင်း ရှိပြီးသူများဖြစ်၍ မိမိတို့တတ်ကျွမ်းပြီးသား ဘာသာရပ်ကိုအသုံးချပြီး ရည်မှန်းချက်အတိုင်း မိမိတို့ဘဝ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တပ်မတော်၌ တာဝန်ထမ်းဆောင်ရာ တွင် ပုခုံးပြောင်းတာဝန်ထမ်းဆောင်ရခြင်းဖြစ်၍ နောင်အနာဂတ် မျိုးဆက်သစ် အမျိုးသမီးစစ်မှုထမ်းများကိုလည်း ကောင်းမွန်သည့် တပ်မတော်၏ အစဉ်အလာများ ကို လက်ဆင့်ကမ်း‌နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

ယူနီဖောင်းဝတ်ထားသူသည် မိမိယူနီဖောင်းဝတ်ထားသည့် အဖွဲ့အစည်း၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်လိုကြောင်း၊ ယူနီဖောင်းကို စနစ်တကျ ဝတ်ဆင်ခြင်းသည် စည်းကမ်းစနစ်တကျ ဆောင်ရွက်ခြင်းကို ထိန်းသိမ်းခြင်းပင်ဖြစ် ကြောင်း၊ တာဝန်ထမ်းဆောင်ချိန်၌ ရာထူးအရ၊ အသက်အရွယ်အရ သင်တန်း အဆင့် သတ်မှတ်ချက်များအရ တာဝန်ထမ်းဆောင်ခြင်းများ ကွာခြားလာမည်ဖြစ်သဖြင့် မိမိတို့ရည်မှန်းချက်များ ပြည့်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း။

စိတ်ဓာတ်ကြံ့ခိုင်မှုများကို ဆက်လက်ထိန်းသိမ်း၍ ဘဝတစ်လျှောက်လုံး မိမိကိုယ်မိမိ အမြဲတိုးတက်မှုရှိအောင် တည်ဆောက်ကြရမည်

စစ်ပညာသင်ကြားခြင်းသည် မိမိတို့အသက်ကိုကာကွယ်ရန်အတွက် ဦးစားပေး သင်ကြားပေးခြင်းဖြစ်သဖြင့် အလေးထားလိုက်နာသင်ယူကြရန်လိုကြောင်း၊ တာဝန် ထမ်းဆောင်ရာ၌  အမျိုးသမီးစစ်မှုထမ်းများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုများကို တွေ့ရှိရပြီး ၎င်းစိတ်ဓာတ်ကြံ့ခိုင်မှုများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်(ကြည်း)၌သာမက တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့တွင်လည်း အမျိုးသမီးစစ်မှုထမ်းများအနေဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ တာဝန် ထမ်းဆောင်နိုင်သည်ကိုတွေ့ရှိရကြောင်း။   

သင်တန်းတွင်သင်ကြားပေးလိုက်သည့် စစ်ပညာများကို ကျွမ်းကျင်အောင် လေ့လာကြစေလိုကြောင်း၊ အဆင့်ဆင့်သော တန်းမြှင့်သင်တန်းများတွင်လည်း အဆင့် နှင့်လျော်ညီစွာတာဝန်ထမ်းဆောင်နိုင်သူများဖြစ်အောင် သင်ယူကြရန်လိုကြောင်း၊ မိမိတို့တာဝန်ကျရာနေရာအသီးသီး၌ တာဝန်ထမ်းဆောင်ရာတွင်လည်း စနစ်တကျဖြင့် တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ မိမိတို့ဘဝတိုးတက်ရေးအတွက် အထောက် အကူ ဖြစ်စေမည့် စာပေများကို ဖတ်ရှုလေ့လာမှတ်သားပြီး မိမိကိုယ်မိမိ အမြဲတိုးတက် နေအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်လို

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေး အရတည်ငြိမ်အေးချမ်းမှုများရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်သူများလို လားသည့်ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းလျက်ရှိပြီး ခေတ်အဆက်ဆက် နိုင်ငံ၏ လိုအပ်ချက်များအရ တပ်မတော်မှနိုင်ငံတော်တာဝန်များကို ဝင်ရောက် ထမ်းဆောင်ခဲ့ရသည်များရှိကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် တာဝန်ရှိသူများမှ ဥပဒေအရတာဝန်ယူရှင်းလင်းခြင်း မပြုသည့်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများပြုလုပ်၍ ဆွေးနွေးလျက်ရှိပြီး ကျန်ရှိသည့်အဖွဲ့များနှင့်လည်း ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တစ်နိုင်လုံး ငြိမ်းချမ်းမှုရှိရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲမကျင်းပနိုင်ပါက ၎င်းနယ်မြေများရှိ ပြည်သူများ၏ အခွင့်အရေးများဆုံရှုံးမှုရှိလာနိုင်ကြောင်း၊ ထို့ကြောင့် အထွေထွေ ရွေးကောက်ပွဲ (General Election) ဆိုသည့်စကားနှင့်အညီ ရွေးကောက်ပွဲကို တစ်နိုင်ငံ လုံး ကျင်းပနိုင်ရန်လိုကြောင်း၊ သို့မှသာပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို မှန်မှန်ကန်ကန် ဖော်ဆောင်နိုင်မည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် တပ်မတော်သားများအနေဖြင့် မိမိတို့ ကျရာတာဝန်များကို စစ်သားစိတ်မွေး၍ ကျေပွန်စွာဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြား သည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် တာဝန်ရှိသူများ၏ တင်ပြချက် များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။