စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် Syngenta Foundation for Sustainable Agriculture တို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဇလုပ်စိုက်ပျိုးရေး သုတေသနခြံ၌ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ နှံစားပြောင်းနှင့် ဆတ် သီးနှံသုတေသန လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှု သုတေသနလုပ်ငန်းများ၏ အစီအစဉ်တစ်ခုဖြစ်သော ဒေသနှင့်လိုက်လျောညီထွေရှိသည့် အစေ့ထွက်နှင့် အရိုးထွက်ကောင်းသော ဆတ်သီးနှံမျိုးသစ်များ အထွက်နှုန်းယှဉ်ပြိုင် ခြင်းသုတေသနလုပ်ငန်းကို ဇလုပ်စိုက်ပျိုးရေး သုတေသနခြံ၌ ယခုနှစ် မိုးရာသီတွင် လေ့လာစမ်းသပ်လျက်ရှိသည်။
စားနပ်ရိက္ခာဖူလုံရေးနှင့် တိရစ္ဆာန်အစာ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်၍ အရည်အသွေးကောင်း ဆတ်သီးနှံ မျိုးများ မွေးမြူထုတ်လုပ်နိုင်ရန် မျိုးယှဉ်ပြိုင်စမ်းသပ်လေ့လာခြင်း၊ သုတေသန လုပ်ငန်းကို ဇလုပ်စိုက်ပျိုးရေး သုတေသနခြံ တာဝန်ခံ ဦးကျော်စွာဝင်း ဦးဆောင်၍ စမ်းသပ်ကွက်တာဝန်ခံ ဦးအောင်ကျော်မိုး နှင့်သုတေသန ပညာရှင်များက စမ်းသပ် ဆောင်ရွက်နေခြင်းဖြစ်သည်။
စမ်းသပ်မျိုးများအနက် ICMH – 84814၊ ICMS - 7835 နှင့် ICMV - 82113 မျိုးများသည် အသက်လျှင်ခြင်း၊ ပင်ပွားများခြင်း၊ အရိုးရှည်ခြင်း၊ နှံစရှည်ခြင်း စသော အလားအလာကောင်းမျိုးများ အဖြစ် တွေ့ရှိရကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သီးနှံစိုက်ပျိုးသူ တောင်သူများအနေဖြင့် မျိုးနှင့်စိုက်ပျိုးနည်းပညာ အကူအညီများ ရယူလိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရုံးချုပ်)နှင့် ဇလုပ်စိုက်ပျိုးရေးသုတေ သနခြံရှိ သုတေသနပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ဖိုးနိုင်