အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ ဇွန် ၉ ရက်)
အချိန်သည် အမြဲတမ်းရွေ့လျားပြောင်းလဲနေပြီး ကုန်ဆုံးသွားသောအချိန်များကို ပြန်လည်ဆုပ်ကိုင် ဖမ်းယူ၍မရနိုင်သည်မှာ လောက သဘာဝဖြစ်သည်။ အချိန်သည် ပင်လယ်နှင့်နီးသောမြို့ရွာများတွင် တွေ့ရလေ့ရှိသော ဒီရေနှင့်တူသည်။ ဒီရေသည် သူ့အချိန်နှင့် သူတက်ပြီး ပြန်ကျချိန်တွင်ပြန်ကျသွားလေ့ရှိသည်။ ဆိုလိုသည်မှာ ဒီရေ၏ တက်ခြင်း ကျခြင်းကို တားဆီးလို့မရနိုင်ခြင်းပင်။ ထို့ကြောင့် အချိန်နှင့်ဒီရေသည် လူကိုမစောင့် ဟူသောစကားထားရှိခြင်းဖြစ်သည်။ လူတို့၏အသက်သည် အချိန်ကိုမှီ၍ ဖြစ်တည် နေခြင်းဖြစ်သည်။ သို့အတွက်အချိန်ကိုနှမြောရမည်။ အချိန်ကိုချွေတာရမည်။ အချိန်ကိုတန်ဖိုးရှိစွာအသုံးချတတ်လျှင် ကြီးစွာသော အကျိုးအမြတ်ရနိုင်သည်။
လူတစ်ဦး၏ စိတ်သဘောကိုသိလိုလျှင် အားလပ်သောအချိန်များကို သူမည်ကဲ့သို့ အသုံးပြုသလဲဆိုသည်ကိုကြည့်ရမည်။ ပျက်စီးခြင်း သို့ရောက်ကြကုန်သော များစွာသောငယ်ရွယ်သူတို့သည် အချိန်ကိုအကျိုးရှိစွာ အသုံးမချတတ်ခြင်းကြောင့် ပျက်စီးတတ်ကြ လေသည်။ ကျော်စောထင်ရှားခြင်းသို့ရောက်သောသူတို့သည် အချိန်ကိုရလျှင်ရသလို အကျိုးရှိရှိ လုပ်ကိုင်သင်အံ လေ့လာကျက်မှတ် ကြလေသည်။ သို့မဟုတ် အကျိုးရှိသောနေရာဖြစ်စေ၊ မိမိကို ကြီးမြင့်အောင် စွမ်းဆောင်ကူညီနိုင်သူ တစ်ယောက်ယောက် ထံမှာဖြစ်စေ အချိန်ကိုကုန်လွန်စေတတ်ကြလေသည်။
အချိန်ဟုဆိုလိုက်သည်နှင့် ပြီးခဲ့သောအတိတ်ကအချိန်ကို ပြန်လည်မတွေးသင့်ဘဲ ယခုလက်ရှိတွေ့ကြုံနေရသော အချိန်တို့ကိုသာ နေရာတကျ အသုံးပြုရမည်ဖြစ်ပေသည်။ ပစ္စုပ္ပန်အချိန်ကို အကျိုးရှိစွာအသုံးချလျှင် အနာဂတ်အရေးတို့သည် အလိုလိုပြည့်စုံလိမ့် မည်သာဖြစ်သည်။ သာသနာတွင် ထင်ရှားကျော်ကြားခဲ့သော ကျေးဇူးရှင်လယ်တီဆရာတော်ကြီးသည် များစွာသောကျမ်းများကို ခရီးသွားရင်း ရေးသားပြုစုစီရင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ယခုခေတ်အခါသမယ ထင်ပေါ်ကျော်စောသူပုဂ္ဂိုလ်ကြီးများတွင် လယ်တီ ဆရာတော်သည် ဝီရိယအကြီးဆုံးသော ပုဂ္ဂိုလ်ထူးဖြစ်ပေသည်။
အလုပ်ကိုစိတ်ထဲမှာစွဲမြဲထားသူတို့မှာ ယင်းတို့၏ စိတ်သည်မအားလပ်သဖြင့် အခြားသောသူများကဲ့သို့ သေးနုပ်သိမ်ဖျင်းသော အကြံ အစည်တို့ကိုလည်းကောင်း၊ မကောင်းသော စိတ်အကြံအစည်တို့ကိုလည်းကောင်း တွေးတောကြံစည်ရန် အချိန်မရှိတော့ပေ။ မကောင်းသော စိတ်အကြံအစည်သည်လည်း ဝင်ရောက်ခွင့်မရသဖြင့် ထိုသူတို့၏စိတ်သည် မြင့်သည်ထက်မြင့်၊ မြတ်သည် ထက်မြတ်၊ ရင့်သည်ထက်ရင့်၊ ကြီးမားထက်သန်သည်ထက် ကြီးမားထက်သန်ပြီးလျှင် အများသူငါတို့၏ လေးစားပူဇော်ခြင်းကို ခံကြရလေသည်။
အချိန်ရှိခိုက်လုံ့လစိုက်ဟူသောစကားအရ လူတစ်ဦးသည် တစ်နေ့လျှင် ၁၅ မိနစ်မျှ စာအုပ်ကောင်းများကိုဖတ်လျှင် လေးနှစ်အတွင်း သိပ္ပံပညာနှင့်ညီမျှသော အသိအလိမ္မာပညာကို ရနိုင်ပါသည်။ ၁၅ မိနစ်သည် ထိုမျှလောက်သောအကျိုးရှိပါက မိနစ် ၃၀၊ မိနစ် ၆၀ မျှအသုံးပြုလျှင် နှစ်ပေါင်းအနည်းငယ်အတွင်း ကြီးမားသောပြောင်းလဲခြင်း၊ တိုးတက်ခြင်းများဖြစ်လာနိုင်သည်။ တစ်နေ့လျှင် တစ်နာရီမျှ ပညာတစ်ခုခုကို သင်ယူပါက မကြာမီဘာသာစကားနှစ်မျိုး၊ သုံးမျိုးကိုတတ်မြောက်နိုင်ပါသည်။ တစ်နေ့လျှင် တစ်နာရီမျှ တိုးတက်အောင်ကြိုးစားသူများမှာ သုံးနှစ်အတွင်းလူ သာမန်အနိမ့်စားအဖြစ်မှ အမြင့်စားအဖြစ်သို့ ရောက်နိုင်သည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်ပေသည်။
မြန်မာ့သမိုင်းတွင် အချိန်ကိုမေ့လျော့စွာနေခဲ့၍နှစ်ပေါင်း ၆၀ ကြာသည့်တိုင် စာပေမတတ်ဘဲရှိခဲ့ရာမှ အချိန်၏ တန်ဖိုးကိုသိ၍ ကြိုးစားလိုက်သောအခါ ပိဋကတ်စာပေတတ်မြောက်သွားခဲ့သော ဖြစ်ရပ်ရှိခဲ့လေသည်။ ပုဂံပြည်တွင် ကျစွာမင်းကြီးလက်ထက် (၅၉၆-၆၁၂)၌ အသက် ၆၀ အရွယ်ရဟန်းအိုကြီးတစ်ပါးရှိသည်။ ထိုရဟန်းကြီးသည် နေ့တိုင်းသွားတိုက်သော တံပူ(သွားပွတ်တံ) တို့ကိုကျောင်းအောက်ရှိ လေးတောင်မျှနက်ကျယ်သောတွင်းထဲသို့ ပစ်ချလေ့ရှိသည်။ ပစ်ချဖန်များလာသော် ထိုတွင်းပြည့်မောက် သွားလေသည်။
တစ်နေ့၌ထိုတံပူကိုကြည့်၍ “ငါသည်တစ်နေ့လျှင်တံပူတစ်ချောင်းမျှသာ တိုက်၍ပစ်ခဲ့ရာ ယခုတွင်းပြည့်လေပြီ။ ငါသည်ယခုအသက် ၆၀ တိုင် အချိန်ကိုအမှတ်မဲ့နေခဲ့၍စာပေမတတ်ရှိခဲ့သည်။ တစ်နေ့တစ်နေ့တွင် ယခုတံပူလောက် အနည်းငယ်စာသင်ခဲ့ပါလျှင် ကာလကြာသော်များစွာတတ်ရန်ရှိပေသည်” ဟု တွေးတောမိလေသည်။ စာပေသင်ရန်အတွက် မင်းကြီးထံမှာ ကံ့ကူဆံအလှူခံသည်။ မင်းကြီးက “အရှင်ဘုရားအသက်ကြီးလှ ပေပြီ၊ ယခုမှ စာသင်၍အဘယ်မှာတတ်နိုင်မည်နည်း။ ကျည်ပွေ့အတက်ပေါက်မှ စာတတ်လိမ့်မည်” ဟု ပြက်ရယ်ဆို၍ ကံ့ကူဆံကိုလှူလိုက်သည်။ စိတ်ဆန္ဒရည်မှန်းချက်ကြီးမားစွာ အချိန်ကိုအကျိုးရှိရှိ အသုံးပြု လိုက်သောအခါ တကယ်ပင်ကျည်ပွေ့ကအတက်ပေါက်သည့်အလား ပညာဉာဏ်ပြီးမြောက်ခဲ့လေသည်။ နောက်ဆုံးတွင် ဘုရင် ကိုယ်တိုင်က “ဒိသာပါမောက္ခ” ဟူသော ဘွဲ့တံဆိပ်ကို လှူတော်မူလိုက်သည်။ ဤကားအချိန်ကို တန်ဖိုးရှိစွာ အသုံးပြုခြင်း၏ ကောင်းကျိုးချမ်းသာဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။