ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ယမန်နေ့မှအဆက်

အမှတ်စဉ်(၂၄၃)

    သီပေါမင်းတရားသည် အခြေအနေ အရပ်ရပ်ကို သိမြင်တော်မူလေပြီ။ သို့သော် ရာဇဣန္ဒြေတော်မပျက် တည်ကြည်အေးချမ်းစွာပင် ရှိနေလေသည်။ အလွန်ထက်မြက်လှသော မိဖုရားကြီး စုဖုရားလတ်သည်လည်း ရွှေနန်းတော်ကြီးကို ဝိုင်းမိထားသော အင်္ဂလိပ်စစ်သည် တပ်သားတစ်သောင်းကျော်ကို ဘယ်လိုနည်းနှင့်မျှ တွန်းလှန်ခုခံနိုင်တော့မည် မဟုတ်ကြောင်း   သိရှိလေပြီ။

တိုက်မည်ခိုက်မည် တကဲကဲရှိနေခဲ့သော တိုင်တားမင်းကြီးမှာလည်း အရှင်နှစ်ပါးအနီးတွင် ဓားထမ်း၍ ခစားနေသည်မှတစ်ပါး ဘာမျှလှုပ်ရှား၍ မရတော့ကြောင်း ကောင်းစွာနားလည် သိရှိရတော့သည်။ သီပေါမင်းတရားနှင့် မိဖုရားကြီး စုဖုရားလတ်သည် လပြည့်ကျော် ၈ ရက်နေ့ မနက်တွင် သမီးတော် ထိပ်စုမြတ်ဖုရားကြီး ၃ နှစ်ရွယ်၊ သမီးတော်ထိပ်စုမြတ်    ဖုရားလတ်အခါလည်ကျော်စရွယ်၊ ညီမတော်မိဖုရားလေး ရမည်းသင်း   စုဖုရားလေး၊   မယ်တော် ဆင်ဖြူမရှင်မိဖုရားကြီးနှင့် အထိန်းတော် သုံးဆယ်မြို့စား သုကေသာဝတီ၊ အထိန်းတော် တောင်စဉ်မြို့စား သုမနဝတီ၊ အထိန်းတော် မိုးညှင်းမြို့စား သုပဘာဝတီ၊ အပျိုတော် ပင်းယမြို့စား သုသီရိကုမ္မာဝတီ၊ ချွန်းတောင်မြို့စား သုသီရိစန္ဒာဝတီတို့နှင့်တကွ မြို့စားရွာစား အပျိုတော်ကြီးများပါ ရွှေနန်းတော်ပေါ်မှ တောင်ဥယျာဉ်တော် အတွင်းရှိ စံနန်းတော်သို့ဆင်း၍ စံနေတော်မူရလေသည်။

ထိုနေ့ နေ့လယ်အချိန်တွင်မူ နန်းစဉ် မင်းသုံးမင်းဆောင် အဖိုးတန်ပစ္စည်း ရတနာများနှင့်တကွ လက်ဝတ်တော် စိန်ထည်ပတ္တမြားထည်တို့ကို မပျောက်မပျက်စေရန် အတွင်းဝန် ရွှေတိုက်ဝန်ပေါက်မြိုင်မြို့စား ကိုယ်တိုင်ရေတွက်၍ စာရင်းနှင့်တကွ ကာနယ်စလေဒင်သို့ အပ်ရလေသည်။ ထိုသို့အပ်နှံရသော နန်းစဉ်ရတနာကျောက်တော် များတွင်   “ငမောက်”အမည်တွင်သော ပတ္တမြားကျောက်တော်ကြီး။

မှတ်ချက်။    ၎င်းပတ္တမြား(ငမောက်) ကျောက်တော်ကြီးမှာ အင်းဝညောင်ရမ်း၁၀ ဆက်မြောက်တွင် ငါးထပ်ကြီးဒါယကာ မင်းတရားကြီး၏ ညီတော် ပြည်မင်းတရား လက်ထက် မြန်မာသက္ကရာဇ် ၁၀၂၃ ခုနှစ်တွင် ချင်းတွင်းရွာနေ မောင်မောက်က ဆက်သသော ကျောက်ဖြစ်၍ ငမောက်ဟုတွင်သည်။ ရတီချိန် ၉၀ ကျော်ရှိသည်။

လှော်ကားတင်အမည်ရှိ  ပတ္တမြားကျောက်တော်မှာ  ဘိုးတော်မင်းတရား လက်ထက် လှော်ကားတော်နှင့်တင်၍ ဆက်လာသောကြောင့် လှော်ကားတင်ဟုခေါ်သည်။ လှော်ကားတင်ကြီးကျောက်မှာ အမရပူရဒုတိယမြို့တည်(ရွှေဘိုမင်း)လက်ထက်သက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် မိုးကုတ်ကျပ်ပြင် ကသည်းမြို့သူကြီးက ကျောက်တွင်းတော်ကရရှိပြီး လှော်ကားကြီးနှင့်တင်၍ ဆက်သလာသဖြင့်   လှော်ကားတင်ကြီး ကျောက်ခေါ်သည်။ ရတီချိန် ၄၀ ကျော်ရှိသည်။

၎င်းင်းပြင် အချိန် “၁၀”ရတီရှိသော “ဆင်မတော်”အမည်တွင်သော ပတ္တမြားကျောက်တော်မှာ ဆင်မနှင့်တင်၍ ဆက်လာသောကြောင့် ဆင်မတော်ခေါ်သည်။ အချိန “၆ ”ရတီခန့်သာရှိသော စံကျောက်တော်ခေါ်သော ပတ္တမြား၊ ၎င်းမှာအကောင်းဆုံး စံထားရသောကြောင့်    စံကျောက်တော်ခေါ်သည်။

ဆိုခဲ့သော ပတ္တမြားကျောက်တော်များအပြင်”နဂါးဗိုလ်”ဆိုသော ကျောက်တော်များနှင့် အဖိုးများစွာ ထိုက်တန်သော စိန်၊ မြ၊ ပတ္တမြားကျောက်တော်များ အများအပြား ပါရှိလေသည်။

ထို့ပြင် ကုန်းဘောင်နန်းဆက်ဖြစ်သော ဘေးလောင်းတော် ဘိုးလောင်းတော်မင်း မိဖုရားနှစ်ပါးစီတို့၏ ရွှေကိုယ်လေးအချိန်ရှိ ရွှေရုပ်ပေါင်းများစွာနှင့်  စိန်၊ မြ၊ ပတ္တမြားခြယ်လှယ် မွမ်းမံထားသော မကိုဋ်တော်၊ ဒုယင်တော်အမျိုးမျိုး၊ ရွှေစိန်မြ၊ ပတ္တမြား

တို့နှင့် လုပ်ဆောင်ထားသော လက်ယာမင်းခမ်းတော်၊ လက်ဝဲမင်းခမ်းတော် အသုံးအဆောင်များ သီဟာသနပလ္လင်တော်မှ ရွှေသားအရုပ် အမျိုးမျိုးတို့ကိုလည်း စာရင်းမပါ ယူသွားကြသည်။

ဗိုလ်ကြီးများ မသယ်နိုင်သော အကျန်အကျွင်း အဖိုးတန်ပစ္စည်းများကို ငယ်သားစစ်သည်တို့က ရသမျှအောက်ခြေ သိမ်းယူကြလေသည်။

ထို့နောက် ကာနယ်စလေဒင်က မှူးတော် မတ်တော်ကြီးများ အသီးသီးတို့ကို လူစေလွှတ်ခေါ်ခြင်းကြောင့်-

    ၁။ဝန်ရှင်တော်လယ်ကိုင်းမြို့စား သတိုးသုဓမ္မမဟာသက်တော်ရှည်(ကင်းဝန်မင်းကြီး)။

    ၂။ဝန်ရှင်တော် တောင်ခွင်မြို့စား သတိုး မင်းကြီး မင်းထင်စည်သူ။

    ၃။ ဝန်ရှင်တော် တိုင်တားမြို့စား သတိုးမင်းကြီး မဟာစည်သူအဘယ။

    ၄။ အတွင်းဝန် ပေါက်မြိုင်မြို့စား မင်းကြီး မင်းလှ မဟာဇေယျနန္ဒသင်္ကြန်။

    ၅။အတွင်းဝန် မြို့သစ်မြို့စားမင်း မဟာဇေယျသင်္ကြန်။

    ၆။ အတွင်းဝန်   ကျောက်မြောင်းမြို့စားမင်းကြီး မဟာသီရိဇေယျနန္ဒကျော်ထင်။

    ၇။ ဝန်ထောက်တော်   ဝက်မစွတ်မြို့စားမင်းကြီး မင်းတင်မဟာစည်သူ။

    ၈။ ဝန်ထောက်ပင်းတလဲမြို့စား မင်းကြီးမင်းခေါင် မဟာကျော်ထင်။

    ၉။ ဝန်ထောက် မြင်းစုကြီးဝန်မင်းကြီးမဟာမင်းခေါင်ကျော်ထင်။

၁၀။ ဝန်ထောက် မိုးတားမြို့စားမင်းကြီး မင်းလှမဟာကျော်ထင်။

၁၁။ ပညာဝန်ထောက်နှင့် အခြားပုဂ္ဂိုလ်အချို့ပါ ဘုရင်မင်းစံနေရာ တောင်ဥယျာဉ် စံအိမ်တော်သို့ ဝင်ရောက်ကြရသည်။  

ဆက်လက်ဖော်ပြပါမည်။