အနာဂတ်နိုင်ငံတော်၏ နိုင်ငံရေးရည်မှန်းချက်အစစ်အမှန်သည် ငြိမ်းချမ်းရေးဖြစ်သည်

ဆောင်းပါးခေါင်းစဉ်သည် ကွယ်လွန်သူစာရေး ဆရာကြီး ဒဂုန်တာရာ၏ “နိုင်ငံရေးယဉ်ကျေးမှု” စာအုပ်တွင် ဖော်ပြထားသော ငြိမ်းချမ်းရေးသဘောထားမှ ဖြစ်ပါသည်။ စာရေးဆရာကြီးဒဂုန်တာရာသည် “ငြိမ်းချမ်းရေးနည်းသည် ထာဝရအောင်နိုင်သောနည်း ဖြစ်သည်” ဟု ခိုင်ခိုင်မာမာယုံကြည်ခဲ့သူဖြစ်သည်။

“ငြိမ်းချမ်းရေး” ဆိုသည့်စကားလုံးသည် အင်္ဂလိပ်စကားတွင် ဏနဗဃန ဟုသုံးနှုန်းပါသည်။ လူ့အဖွဲ့အစည်းအတွင်းက လူအချင်းချင်း သဟဇာတဖြစ်ရမည်။ ပဋိပက္ခတွေကင်းလွတ်ရမည်။ အချင်းချင်း နားလည်သဘောပေါက်ရမည်။ အပြန်အလှန် အသိအမှတ်ပြုမှု၊ သည်းခံမှု၊ စာနာနားလည်မှုတွေရှိရမည်။ တစ်ဦးတစ်ယောက်ချင်းကြားမှာဖြစ်ဖြစ်၊ အစုအဖွဲ့တွေကြားမှာဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေ ကြားမှာဖြစ်ဖြစ် ပဋိပက္ခကင်းရှင်းနေရမည်ဖြစ်သည်။ လူနှင့်လူ့ပတ်ဝန်းကျင်ဆက်စပ်နေသည်။ လူတစ်ယောက်ငြိမ်းချမ်းမှုမရှိဘဲ ဆူညံပွက်လောရိုက်နေလျှင်  သူ၏ပြုမူပြောဆိုဆောင်ရွက်မှုများကြောင့် ပတ်ဝန်းကျင်ကိုရိုက်ခတ်ပြီး ငြိမ်းချမ်းမှုပျက်ယွင်းနိုင်သည်။ ထိုသို့မငြိမ်းချမ်းသော ဝန်းကျင်ဖြစ်ထွန်းလာပါက အဆိုပါပတ်ဝန်းကျင်ရှိ အခြားသောသူများ၏ ငြိမ်းချမ်းမှုကိုပါ ထိခိုက်ပျက်ပြား စေသည်။ မငြိမ်းချမ်းသော အခြေအနေနှင့် ကြုံတွေ့လာကြသောအခါ အများစုသည် ငြိမ်းချမ်းသောတုံ့ပြန်မှုများကိုမရွေးချယ်ဘဲ ကြမ်းတမ်းသော တုံ့ပြန်မှုတွေကို ရွေးချယ်တတ်ကြသည်။  ထို့ကြောင့်  ငြိမ်းချမ်းမှုကိုအခြေတည်၍ မရတော့ဘဲ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ ရန်ပွဲတွေသာ အဓွန့်ရှည်လာသည်ကို မြင်ရပေမည်။

ယနေ့ချိန်ခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ သက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် “ဒီနှစ်ဟာ စိန်ရတုလွတ်လပ်ရေးနေ့ရဲ့ အကြိုနှစ်ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးရဲ့အသီးအပွင့်များ၊ ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့ အနှစ်သာရများ အပြည့်အဝခံစားရစေဖို့ ကျွန်တော်တို့အားလုံး  အစွမ်းကုန် ကြိုးစားကြရပါဦးမယ်။  ဒါကြောင့်  ဒီနှစ်ကိုငြိမ်းချမ်းရေးနှစ်လို့သတ်မှတ်ပြီး  တစ်နိုင်ငံလုံးငြိမ်းချမ်းသာယာမှုရှိစေရေး အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု မြန်မာနှစ်သစ်ကူးအခါသမယတွင်  မင်္ဂလာစကားပြောကြားခဲ့သည်။   အင်မတန် မင်္ဂလာရှိသော စကားဖြစ်သည်။  နိုင်ငံတစ်နိုင်ငံအတွက်  “ငြိမ်းချမ်းရေး” ဟူသည် မရှိမဖြစ်သော နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ အပြောနှင့် လက်တွေ့တစ်ထပ်တည်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ညီရင်းအစ်ကိုလို သဘောထား၍ ငြိမ်းချမ်းရေး ဖိတ်ခေါ်သည်။ ပွင့်လင်းစွာ ပြောဆို တွေ့ဆုံညှိနှိုင်းကြမည်။ ကောင်းမွန်သော၊ မွန်မြတ်သောအစီအစဉ်ဖြစ်သည်။ “၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်... ဒါကို လက်တွေ့ ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်...အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်...” အပြော အတိုင်း လက်တွေ့အကောင်အထည် ဖော်လာသောအခါ  ငြိမ်းချမ်းရေးရမှာ စိုးရိမ်သူတွေပေါ်လာတော့သည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်နဲ့” ဟုဖိအားပေးသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ပေါ်လာတော့သည်။ ကာလကြာရှည်စွာ ပေါ်ပေါက်ခဲ့သော ပြည်တွင်းမီးကို ငြှိမ်းသတ်ပြီး တိုင်းပြည်ငြိမ်းချမ်းသာယာအောင် ဆောင်ရွက်မည့်စေတနာကို ဝေဒနာဟု မြင် အောင် ဖန်တီးလာကြသည်။ မျိုးဆက်သစ်လူငယ်တွေ၏ ရင်ဘတ်ထဲသို့ အမုန်းမီးတောက်များ ဖြစ်တည်လာအောင် ဆောင်ရွက်လာ ကြသည်။ ပြည်တွင်းပြည်ပ အဖျက်သမားများ၏ သွေးထိုးလှုံ့ဆော်မှု၊ ငွေကြေးထောက်ပံ့မှု၊ လက်နက်ခဲယမ်းထောက်ပံ့မှုများက အမုန်းမီးတောက်များကို ပို၍တောက်လောင်စေခဲ့သည်။ ရင်ထဲကအမုန်းမီးတောက်တွေ၊ ကိလေသာမီးတွေကို ပယ်သတ်ဖို့ အဓိက ထားပြီး ရှေ့ဆောင်လမ်းပြခဲ့တဲ့ ဗုဒ္ဓရဲ့တရားတော်တွေထွန်းကားခဲ့သည့် မိမိတို့နိုင်ငံတွင် အမုန်းမီးတောက်တွေငြှိမ်းသတ်မရစေဖို့ ဗုဒ္ဓရဲ့တရားတော်များကို စော်ကားလာကြသည်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတာ မသိတော့အောင် လူငယ်ထုကို မြှောက်ပေးနေကြသည်။ ငြိမ်းချမ်းရေး လမ်းစပျောက်ဆုံးမလို ဖြစ်ခဲ့ရသည်။

လူ့အဖွဲ့အစည်းအတွင်းမှာ မတူညီမှုတွေ၊ ကွဲပြားခြားနားမှုတွေရှိသည်။ အဆိုပါ မတူညီခြင်း၊ ကွဲပြားခြားနားခြင်းများကို ပေးထားချက်အတွင်းမှာပဲ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်မည့် ဝန်းကျင်တစ်ခုကို ဝိုင်းဝန်းဖန်တီး တည်ဆောက်ယူရ မည်ဖြစ်သည်။ မိမိတို့၏လက်ချောင်းများကို ကြည့်လိုက်ပါ။ တစ်ခုနဲ့တစ်ခု ကွဲပြားခြားနားကြသည်။ မတူညီကွဲပြားသည့် လက်ချောင်းတွေကို ဆုပ်ကြည့်လိုက်ပါ။ အင်မတန်ညီညွတ်ထက်မြက်တဲ့ “လက်သီး” ဆိုတဲ့အား ဖြစ်လာစေပါသည်။ ပန်းဥယျာဉ် တစ်ခုကို ပြုစုပျိုးထောင်ကြည့်လိုက်ပါ။ မတူညီသောပန်းတွေက အနီ၊ အဝါ၊ အဖြူ ရောင်စုံ ဖူးပွင့်လန်းဆန်းပြီး ပန်းဥယျာဉ် ကိုအလှဖြာဝေ စေပါလိမ့်မည်။ နိုင်ငံတော်ကြီးကို မတူညီတဲ့ပန်းကလေးတွေနှင့်အလှဖြာဝေနေသည့် နိုင်ငံတော်ကြီး ဖြစ်စေချင် ပါသည်။ Unity in Diversity “လွတ်လပ်စွာကွဲပြားခြားနားရင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း”ဟူသော ဖြစ်စဉ်တစ်ခု ပေါ်ပေါက် လာရန် မတူညီတဲ့အချင်းချင်းကြားမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်လေးစားအသိအမှတ်ပြုပြီး ညှိနှိုင်းအဖြေရှာရ မည်ဖြစ်သည်။ စားပွဲပေါ်တွင် တွေ့ဆုံညှိနှိုင်း အဖြေရှာမှသာလျှင် နိုင်ငံရေးယဉ်ကျေးမှုဖြစ်ပါသည်။ အဆိုပါနိုင်ငံရေးယဉ်ကျေးမှုကို ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ပြည်ပအဖွဲ့အစည်းများ၏ မြှောက်ပင့်မှုကြောင့် မတူညီမှုတွေကြားမှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အသိအမှတ်ပြုမှုတွေ၊ ညှိနှိုင်းမှုတွေ မလုပ်ဘူးဟုဆိုပါက မတူညီတဲ့အဖွဲ့အစည်းကြားမှာ ပဋိပက္ခအသွင်ဆောင်လာပြီး ငြိမ်းချမ်းမှုကို အနှောင့်အယှက် ဖြစ်လာပြီး နိုင်ငံတော်ကြီးငြိမ်းချမ်းနိုင်မည်မဟုတ်ပါ။

ယနေ့မျိုးဆက်သစ်လူငယ်တော်တော်များများသည် အာဃာတ၊ အမုန်းတရား အငြိုးအတေးများ နှလုံးသားအတွင်း ရိုက်သွင်းခံနေကြရသည်။ တက်ကြွသော၊ နိုးကြားသော မျိုးဆက်သစ်လူငယ်များ၏ ခေါင်းထဲသို့ အမုန်းတရားတွေ ရိုက်သွင်းခြင်းခံနေရသည်။ ထို့ကြောင့် မငြိမ်းချမ်းသော လူ့အဖွဲ့အစည်းဖြစ်လာသည်။ ဘာမသိ၊ ညာမသိနှင့် လူငယ်တွေ လက်နက်စွဲကိုင်လာအောင် အဘက်ဘက်မှ ဝိုင်းဝန်းမြှောက်ပေးလာကြသည်။ စစ်ပွဲတွင်းသို့ သွတ်သွင်းလာကြသည်။ စစ်ကိုခေါ်နေကြသည်။ ပြည်တွင်းပြည်ပ အဖျက်သမားများကလည်း မြှောက်ပင့်ထောက်ပံ့ပေးလာကြသည်။ ငြိမ်းချမ်းရေးကို လိုချင်ပါက စစ်ပွဲတွေကို မဖန်တီးမှဖြစ်မည်။ အချင်းချင်း အပြန်အလှန်အသိအမှတ်ပြုမှု၊ သည်းခံမှု၊ စာနာနားလည်မှုရှိရမည်။   တိုင်းရင်းသား အချင်းချင်းတွေ့ဆုံကြပြီး အကျေအလည် ဆွေးနွေးကြရမည်ဖြစ်သည်။ ယနေ့ချိန်ခါသည် အခွင့်အခါကောင်းဖြစ် သည်ဟု ဆိုချင်ပါသည်။

မြန်မာ့သမိုင်းကိုပြန်ကြည့်လျှင် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းတည်ငြိမ်မှုမရှိသော ကာလနှင့်ခါးခါးသီးသီး ကြုံတွေ့ခဲ့ရသည်။ ရောင်စုံသောင်းကျန်းသူများကြောင့် နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်များကို ကျောပေးတိုက်ခဲ့သူအချင်းချင်း မျက်နှာချင်းဆိုင် ရန်သူဖြစ်လာရသည်။ ပြည်တွင်းဆူပူသောင်းကျန်းမှုသည် မြန်မာ့သမိုင်းမှ ဖျောက်ဖျက်မရနိုင်သော အမည်းစက်ကြီးဖြစ်သည်။ အမျိုးသား စည်းလုံးညီညွတ်မှုအားကို တစ်စစီဖြိုခွဲဖျက်ဆီးပစ်လိုက်သော အဓိကတရားခံဖြစ်သည်။ တစ်နိုင်ငံလုံး မီးဟုန်းဟုန်း တောက်ခဲ့ရသည်။ တိုင်းပြည်၏ အဆောက်အအုံ၊ ပစ္စည်းဥစ္စာများ၊ တိုင်းပြည်၏ သားကောင်းရတနာများ၏ အသက်ပေါင်းများစွာ စတေးခဲ့ရသည်။ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း နယ်ချဲ့၏သွေးခွဲမှုကြောင့် ဘတစ်ပြန်ကျားတစ်ပြန်တိုက်ခိုက်ခဲ့ရသည်။ ထိုအခြေ အနေတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ “သူမသာ ကိုယ်မနာ ငြိမ်းချမ်းရေးပန်ကြားလွှာ” ထွက်လာသည်။   တိုင်းရင်းသား ပြည်သူတို့က လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ ခုနှစ်တွင် တို့ဗမာအစည်းအရုံး၏ နာယကဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် တို့ဗမာအစည်းအရုံး၏ ဥက္ကဋ္ဌဖြစ်လာပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် “ငြိမ်းချမ်းရေးစတာလင်ဆု” ရရှိခဲ့ပြီး  ငြိမ်းချမ်းရေးဖခင်ကြီး ဖြစ်ခဲ့သည်။

ဆရာကြီး၏ တပည့်ဖြစ်သူ ဒဂုန်တာရာကလည်း အနာဂတ်မြန်မာပြည်၏ နိုင်ငံရေးအစစ်အမှန်သည် ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ယနေ့ပြည်သူတို့ အလိုအပ်ဆုံးမှာ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ငြိမ်းချမ်းရေးရရှိမှသာလျှင် ပြည်သူတို့၏စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ခွင့်ရမှာဖြစ်သည်။

ထို့ကြောင့် ငြိမ်းချမ်းရေးသည် နိုင်ငံရေးယဉ်ကျေးမှုပင်ဖြစ်သည်ဟု ငြိမ်းချမ်းရေး ယဉ်ကျေးမှု စာအုပ်တွင် ဖွင့်ဆိုရေးသားခဲ့ပေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကိုမြတ်နိုးသော တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် “ငြိမ်းချမ်းရေး” သည်တိုင်းရင်းသား ပြည်သူအပေါင်း တို့အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသော ကိစ္စဖြစ်ကြောင်းသိရှိရမည်။ “ငြိမ်းချမ်းရေး” သည် စိတ်ကူးယဉ်အိပ်မက်မဟုတ်။ လက်တွေ့အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ခေတ်အဆက်ဆက် နိုင်ငံ့အတွက်အစိုးရများ “ငြိမ်းချမ်းရေး” ရရှိရေးအတွက် အစွမ်းကုန်ဆောင်ရွက်ခဲ့ကြသည်။ ဖဆပလအစိုးရလက်ထက်မှာ ညှိနှိုင်းတွေ့ဆုံကြရာ အောင်မြင်မှုမရှိခဲ့။ သတင်းစာများတွင် “သူတို့ပြန်သွားကြလေပြီ” ဟုသာ အဆုံးသတ်ခဲ့ပြီး ပြည်တွင်းစစ်မီး ဆက်လက်လောင်မြိုက်ခဲ့ရသည်။ ဆိုရှယ်လစ်အစိုးရ လက်ထက် မှာလည်း ဆိုရှယ်လစ်နှင့် ကွန်မြူနစ်ဝါဒစွဲတွေကြောင့် ငြိမ်းချမ်းရေးသည် မအောင်မြင်ခဲ့ဘဲ စစ်ပွဲတွေဖြစ်ပွားခဲ့ပါသည်။ တပ်မတော် အစိုးရ၊ နဝတ၊ နယကလက်ထက်တွင် ငြိမ်းချမ်းရေးကြိုးပမ်းမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီး ကချင်ပြည်နယ်ဒေသအချို့၊ ကရင်ပြည်နယ်ဒေသအချို့၊ ကယားပြည်နယ်ဒေသအချို့၊ ရှမ်းပြည်နယ်ဒေသအချို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်ကာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ ငြင်းမရနိုင်သောအချက်ဖြစ်သည်။ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ခံစားခဲ့ရခြင်းဖြစ်ပါသည်။ ငြိမ်းချမ်းရေးသည် နိုင်ငံတော်အတွက် မရှိမဖြစ်တဲ့အရာဖြစ်ပါသည်။ ငြိမ်းချမ်းရေးဟူသည် ခိုင်မာသော အုတ်မြစ်ပေါ်မှသာ ခိုင်မာသည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အခြားလိုအပ်သော အရာအားလုံးကို တည်ဆောက် နိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးမရရှိဘဲ ဘာမှလုပ်လို့ရမည်မဟုတ်ပါ။ နိုင်ငံအတွက် တိုးတက်အောင်မလုပ်နိုင်ဘဲ “သမင်မွေးရင်း ကျားစားရင်း” ဖြစ်နေမှာဖြစ်ပါသည်။ ထို့ကြောင့် ပထမဒီမိုကရေစီ အစိုးရလက်ထက်တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား အဖွဲ့အစည်းတို့ မကြာခဏတွေ့ဆုံဆွေးနွေးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အတိုက်အခံများကန့်ကွက်သည့်ကြားမှ NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်လာခဲ့သည်ကို တွေ့ရပေသည်။

ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် ညီအစ်ကိုများကို တစ်ဖွဲ့ချင်းစီတွေ့ဆုံ၍ ညှိနှိုင်း ဆွေးနွေးနေပြီဖြစ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်  ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံညှိနှိုင်းခြင်း၊ နိုင်ငံတော်ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆွေးနွေးခြင်းများ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်ပါသည်။ နိုင်ငံတော်အတွက် ဝမ်းမြောက်ဖွယ်ရာ ဆောင်ရွက်မှုပင်ဖြစ်ပါသည်။

အဆိုပါနိုင်ငံတော်အတွက် မွန်မြတ်ကောင်းမွန်သော ငြိမ်းချမ်းရေးဆောင်ရွက်ချက်များကို မနာလိုဝန်တိုသူ ပြည်တွင်းပြည်ပ အဖျက်သမားများ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် ကောက်ကျစ်စိတ်ရှိသော နိုင်ငံရေးသမားစုန်းပြူးများက ပြက်ရယ်ပြုခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင် အချို့မတက်ရောက်အောင် ဖိအားပေးခြင်း၊ တိုက်ပွဲဖော်ဆောင်စေခြင်းများ ပြုလုပ်လာသည်ကို တွေ့မြင်နေရပေသည်။

အဆိုပါ ငြိမ်းချမ်းရေး ဖျက်ဆီးလိုသူတို့၏ ကြံစည်လုပ်ဆောင်ချက်များကို ပြည်သူလူထုအပါအဝင် မျိုးဆက်သစ် လူငယ်များ သိရှိနေရန် အရေးကြီးပါသည်။ တိုင်းရင်းသားလူမျိုးစုများစွာ မှီတင်းနေထိုင်လျက်ရှိသည့် မိမိတို့နိုင်ငံအတွက် အချင်းချင်း သွေးစည်း ညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာ ရရှိခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူပင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို ဆက်လက်ကြိုးပမ်း တည်ဆောက်သွားရမည် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးသည် တိုင်းရင်းသားအားလုံးအတွက် မျှော်လင့်ချက်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အတွက် ချမ်းမြေ့ပျော်ရွှင်ခြင်း၊ ဂုဏ်သိက္ခာတက်စေခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ အေးမြဖြူစင်ခြင်း သဘောတရားဖြစ်သည်။  ငြိမ်းချမ်းရေးသည် တိုင်းပြည်၏ ဂုဏ်သိက္ခာဖြစ်သည်။ ငြိမ်းချမ်းရေးသည် နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနှင့်လုံခြုံရေးအတွက် အသက်ဝိညာဉ်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် တောအုပ်များကဲ့သို့ တည်ကြည်ပြီး တောင်တန်းများကဲ့သို့ ခိုင်ခိုင်မာမာ ရပ်တည် ရမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးသည် ယနေ့နိုင်ငံတော်အတွက် ရာစုသစ်၏ အလင်းရောင်ပင်ဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူ အပေါင်းအနေဖြင့် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးဆောင်ရွက်ချက်များသည် အနာဂတ်နိုင်ငံတော်အတွက် နိုင်ငံရေး ရည်မှန်းချက်အစစ်အမှန်ဖြစ်ကြောင်း သိရှိကြရန်လိုအပ်ပါသည်။ နိုင်ငံရေးယဉ်ကျေးမှု အစစ်အမှန်ကို တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းညှိနှိုင်း အကောင်အထည်ဖော်နိုင်မှသာလျှင် စစ်မှန်ပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်း သာယာသော ပြည်ထောင်စုကြီး တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။   ။

ရဲမွန်ကျော်