အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ ဇွန် ၁၀ ရက်)
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်။ ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကောင်းမွန်လျက် ရှိသောနိုင်ငံဖြစ်သည်။ မည်သည့်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုကိုမျှ နှောင့်ယှက်ထိပါးခြင်းမရှိသလို မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့်ပတ်သက်၍လည်း မည်သည့်နိုင်ငံကမျှ ဝင်ရောက်စွက်ဖက်ခြင်းမျိုးကိုလက်မခံပါ။ မြန်မာနိုင်ငံ၏တည်ရှိမှုသည် နှစ်သန်း ပေါင်းများစွာကြာမြင့် ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပထမဦးဆုံးဖော်ပြထားသည်မှာ “မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံဖြစ်သည်” ဟူ၍ဖြစ်သည်။ ဤအချက်မှာ မြန်မာတိုင်းရင်းသား တို့၏ဇာတိမာန်ကို ဖော်ပြခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိပြီး နိုင်ငံတော်၏စီးပွားစနစ်မှာလည်း ဈေးကွက် စီးပွားရေးစနစ်ဖြစ်သည်။ အခြားသော ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ မူဝါဒသဘောထားကို ပီပြင်စွာ ဖော်ပြထားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁ တွင် “နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်” ဟူ၍ တိတိလင်းလင်း ပြဋ္ဌာန်းထားသည်။ ထိုပြဋ္ဌာန်းချက်အတိုင်းလည်း လိုက်နာကျင့်သုံးလျက်ရှိသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ အခြားသော ကမ္ဘာ့နိုင်ငံများအနေဖြင့် မှန်မှန်ကန်ကန် ခေါ်ဝေါ်သုံးစွဲနိုင်ရန်အတွက် “နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေရမည်” ဟု သတ်မှတ်ထားသလို လက်ရှိနိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရ၏ တရားဝင်အမည်မှာလည်း “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ” ဖြစ်သည်။ လူတစ်ဦး တစ်ယောက်၏ အမည်ကို မှန်ကန်စွာခေါ်ဆိုရသကဲ့သို့ နိုင်ငံတော်အမည်နှင့် နိုင်ငံတော်အစိုးရ၏ အမည်တို့ကို တရားဝင်သတ်မှတ်ထားသည့်အတိုင်း မှန်ကန်စွာ သုံးနှုန်းရမည်ဖြစ်သည်။ တရားဝင်မဟုတ်သောအမည်၊ မြန်မာနိုင်ငံတွင်မရှိသော အမည်မျိုးသုံးစွဲခြင်းကို မြန်မာပြည်သူ လူထု တစ်ရပ်လုံးက လက်ခံနိုင်မည်မဟုတ်ပါ။
ထို့ပြင် မြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ တရားစီရင်ရေးကို မည်သည့် နိုင်ငံကမျှဝင်ရောက်စွက်ဖက်ခြင်းမျိုးကို လက်ခံမည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် အပြစ်မဲ့ပြည်သူပေါင်းများစွာအား ရက်စက်စွာ သတ်ဖြတ်ရန်နောက်ကွယ်မှစေခိုင်းသူ အကြမ်းဖက်သမား ဖြိုးဇေယျာသော်နှင့်ကျော်မင်းယုတို့အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများအရ ပြစ်မှုထင်ရှားသဖြင့် အမိန့်ချမှတ်ခံရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် လွတ်လပ်သည့် တရားစီရင်မှုစနစ်ဖြစ်သည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရား ထွန်းကားမှ လူမှုစီးပွားဘဝမျှတမည်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် တရားဥပဒေ၏ အကာအကွယ်အစောင့်အရှောက်ဖြင့် နေထိုင်ရ မည်ဖြစ်သလို တရားဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်မှုများကို ခံယူကြရပေမည်။
အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသော အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုပေါ်ပေါက်ရေး၊ တရားမျှတမှုရှိရေးတို့ကို တရားဥပဒေက စီစဉ်ဆောင်ရွက်ပေးရမည်သာ ဖြစ်သည်။ အပြစ်ရှိသူအား ထိုက်တန်သော ပြစ်ဒဏ်ပေးရေးနှင့် အပြစ်မရှိသူများကို ဥပဒေအရ ကာကွယ်ပေးရေးတို့သည် မှန်ကန်သောတရားဥပဒေ၏ လုပ်ထုံးလုပ်နည်းဖြစ်သည်။ အကြမ်းဖက်မှုများကြောင့် သေဆုံး သူများတွင် သံဃာတော်များ၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး၊ အကျဉ်းဦးစီး၊ နတလ၊ သစ်တော၊ လျှပ်စစ်စသည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းအများအပြားသေဆုံး၊ ဒဏ်ရာ ရခဲ့ကြသလို အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသူများရာနှင့် ချီ၍ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်များဖြစ်ပွားခဲ့စဉ်က သတင်းများ ထုတ်ပြန်ခဲ့သလို သတင်းစာရှင်းလင်းပွဲများတွင်လည်း သက်သေအထောက်အထားများနှင့် ထုတ်ပြန်ရှင်းလင်းခဲ့သည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရန်ကုန်မြို့ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတို့က တာဝန်မဲ့ပြောဆို ထုတ်ပြန်ခဲ့မှုများမှာ အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်းများအား အကြမ်းဖက်သမားများက လူမဆန်စွာ သတ်ဖြတ်ခဲ့စဉ်က မည်သည့်စကားသံမျှ ထွက်ပေါ်လာခြင်းမရှိခဲ့ဘဲ အကြမ်းဖက်သမားများအား တရားဥပဒေအရ မှန်ကန်စွာ စီရင်သည့်အခါမှ ထွက်ပေါ်လာခြင်းမှာ လူသားချင်းစာနာမှုကင်းမဲ့ခြင်းဖြစ်ပြီး မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်ခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတို့၏ တာဝန်မဲ့ပြောဆိုချက်၊ ထုတ်ပြန်ချက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး ကန့်ကွက်စာများကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ပေးပို့ခဲ့ခြင်းမှာ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ကို ဖော်ပြခြင်းဖြစ်ပါကြောင်း။ ။