ဒို့တောင်သူတွေ ဝင်ငွေတိုးဖို့ သီးထပ်သီးညှပ် စိုက်ကြစို့
“မိုးကလေးတစ်ပြိုက်ပဲရွာသေးတယ် ဂျာကြီးက နေကြာစိုက်ခိုင်းတော့ ပထမတော့ အတော်လေး စိတ်ထဲ ကသိကအောက်ဖြစ်သွားတယ်။ ကျွန်တော်တို့ဆီမှာ တစ်ခါမှ ဒီအချိန်နေကြာစိုက်တာ ရှိမှမရှိဘဲ။ ဒါပေမဲ့ အောက်ခံအစိုဓာတ် ကလေးကလည်း ရှိနေတော့ နေကြာစိုက်ဖြစ်တယ်။ သူစိုက်ခိုင်းတာက မျိုးစေ့ထုတ်ဖို့တဲ့ဗျ။ ဈေးကောင်းရမယ် ပြောတယ်။ တကယ်တော့ မျိုးစေ့ထုတ်တယ်ဆိုတာ သူတို့ဘာသာ စိုက်ပျိုးရေး ဦးစီးဌာနက လုပ်ရမယ့်အလုပ်လေ။ ကျွန်တော်တို့ တောင်သူတွေ လုပ်ဖို့မှမဟုတ်ဘဲ။
ဒါပေမဲ့ ထွက်လာတဲ့မျိုးကို ဈေးကောင်းပေးပြီး ပြန်ဝယ်မယ်ဆိုတာကြောင့် သင်္ကြန်မတိုင်ခင်လေး မှတ်မှတ်ရရ ၄ လပိုင်း ၁ ရက်နေ့မှာ စိုက်ဖြစ်လိုက်တာပဲ။”
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြောက်ရှားတောကျေးရွာ တောင်သူ ကိုခင်မောင်လွင်၏ နေကြာစိုက်ခင်းအရောက်တွင် ကိုခင်မောင်လွင်က ကျွန်တော့်အား ရှင်းပြနေခြင်းဖြစ်သည်။ ကိုခင်မောင်လွင်ရဲ့စိုက်ခင်းက ကျွန်တော်တို့ရောက်သွားတော့ ၅၈ ရက်သားရှိနေပြီ။ အပင်သန်ပြီး ပင်စည်အလုံးတုတ်သည်။ အချို့အပင်များ အဖူးလေးတွေပင်ဖူး၊ အပွင့်ကလေး လေးငါးပွင့် ပွင့်နေကြသည်။
“ခင်ဗျားနေကြာခင်းက အတော်လေးကောင်းတာပဲ။ အပင်လည်းညီတယ်။ ဖြစ်ထွန်းမှုကလည်း ကောင်းတယ်။ ဘာမျိုးစိုက်တာလဲ။ ဘာတွေဘယ်လို ပြုစုထားလို့ ဒီလောက်ကောင်းနေတာလဲ ပြောပြစမ်းပါဦး။”
ကျွန်တော်က တစ်ဧကသာသာ ရှိသည့် နေကြာခင်းကို ခြုံ၍ကြည့်လိုက်ရင်း မေးလိုက်ခြင်းဖြစ်သည်။
“ဆရာတို့ ရေဆင်းစိုက်ပျိုးရေး သုတေသနက ထုတ်လုပ်တဲ့ ရေဆင်းစပ်မျိုးနေကြာ ၁ လေ ဆရာ။ ဂျာကြီးတို့ပေးတာပဲ။ ၄ လပိုင်း ၁ ရက်နေ့ကစစိုက်ပြီး ၁၅ ရက်မှာ အပင်သားခွဲတယ်။ ပင်ညှပ်တွေနုတ်ပစ်လိုက်တယ်။ ပြီးတော့ တစ်လအကြာ ၅ လပိုင်း၁ ရက်နေ့မှာ မြေသြဇာပက်တယ်။ ရေသွင်းပေးတယ်။ ကျွန်တော်တို့ ဒီနယ်က ယာအတော်များများက ဆည်ရေသောက်ပဲ။ ဒါပေမဲ့ မြစ်နဲ့လည်း သိပ်ပြီးမဝေးတော့ မြေအောက်ရေလည်းရတယ်။ စိုက်တာက တန်းကြား ၂ ပေနှင့် ပင်ကြား ၉ လက်မပဲ။
အဲဒါအပြင် ဆရာတို့ စပ်မျိုးကလည်း ကောင်းလွန်း တော့ အခုလိုအပင်ဖြစ်တာပါ။”
ကိုခင်မောင်လွင်က ရေဆင်း ၁ နေကြာစပ်မျိုး ကောင်းကြောင်း ဝမ်းသာအားရပြောနေသဖြင့် ကျွန်တော်က ကျွန်တော်နှင့်အတူ ပါလာသည့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား လက်မထောင်ပြလိုက်ရင်း-
အဲဒီစပ်မျိုးက ဟောဒီဆရာကြီးရဲ့ စိုက်ပျိုးရေး သုတေသနဦးစီးဌာနက ထုတ်လုပ်တာပေါ့ဗျာ။ အဲဒီတော့ ဘာပင်ပဲစိုက်စိုက် မျိုးကောင်းဖို့ အရေးကြီးတယ်။ အဖြစ်မစိုက်ဘဲ စနစ်တကျ မျိုးရွေးချယ်ပြီး စိုက်ပျိုးဖို့လိုတယ်ဆိုတာ ခင်ဗျားတို့ တောင်သူတွေ လက်ခံရင် ကျေနပ်ပါပြီ။
“ဟာ ဆရာကလည်း ဘယ်လက်မခံဘဲ နေပါ့မလဲဗျ။” “လူမှာအမျိုး ကြက်မှာအရိုးတ” မျိုးရိုးကောင်းဖို့က လိုမှလိုဗျ။ “မျိုးစေ့မမှန် ပင်မသန်က သီးနှံငုံကင်း အသီးဖျင်း၏” လို့ဆိုစကားတောင် ရှိတယ်မဟုတ်လား။ မျိုးကောင်းဖို့ လွှတ်ပြီးလိုတာပေါ့။”
ကျွန်တော်တို့နှင့်အတူ နေကြာခင်းအတွင်း ရောက်နေသည့် တောင်သူဦးကြီးတစ်ဦးက ဖြည့်စွက်ပြောလိုက်ခြင်းဖြစ်သည်။
“အင်း ဟုတ်ပါပြီဗျာ။ ကျွန်တော်တို့တောင်သူတွေ အခုလိုမျိုးနဲ့ ပတ်သက်ပြီး အလေးထားဆောင်ရွက်တာ ကြားရတာ အများကြီး ဝမ်းသာပါတယ်။အဲဒါနဲ့ ဒီအခင်းဆိုရင် အကြမ်းဖျင်း ဘယ်လောက်ထွက်မယ်မှန်းသလဲ။ နောက်ပြီး အထွက်နှုန်းကို ဘယ်လိုမှန်းရသလဲဆိုတာ ပြောပြပါဦး။}}
ကျွန်တော့်စကားကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စောစောက တောင်သူကြီးက ကိုခင်မောင်လွင်ကို မေးငေါ့ပြီး “ကဲ ခင်မောင်လွင် မင်းအကွက်ပဲ။ ဆရာ့ကို မင်းပဲရှင်းပြလိုက်။”
“ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော့်ဒီအကွက်ဆိုရင် အနည်းဆုံးနေကြာစေ့ ၂၅ တင်းဆိုတာ အောက်ထစ်ပဲ။ ဘာကြောင့်လဲဆိုတာ ကျွန်တော်စောစောက ပြောတဲ့ တန်းကြား၊ ပင်ကြားအတိုင်း စိုက်တာကြောင့် တစ်ဧကမှာ အပင်ရေ ၂၆၀၀၀ ကနေ၊ ၂၉၀၀၀ လောက်အထိ ဝင်တယ်။ ပျမ်းမျှ ၂၇၅၀၀ ပဲထားပါတော့။ နေကြာက တစ်ပင်မှာ တစ်ပွင့်ပွင့်တာကြောင့် ပွင့်ရေ ၂၇၀၀၀ လောက်ရမယ်။ နေကြာတစ်ပွင့်မှာ အစေ့အရေအတွက် ၂၅၀ ကနေ ၃၀၀ အထိရှိတယ်။ ပြီးတော့ နေကြာစေ့ ၁၀၀၀ ဆိုရင် ပျမ်းမျှအလေးချိန် ၅၅ ဂရမ်လောက်ရှိတာကြောင့် ဒီတစ်ဧကက အနည်းဆုံး ၂၅ တင်းကနေ တင်း ၃၀ လောက်ထွက်မယ်လို့ ကျွန်တော်ခန့်မှန်းတာပါ။”
ကိုခင်မောင်လွင်ကား အသက် ၃၅၊ ၄၀ ခန့်ပင်ရှိသေးသည်။ သူ၏ ဖြေကြားချက်များက တိကျလွန်းလှသဖြင့် ကျွန်တော်မအံ့သြဘဲ မနေနိုင်သကဲ့သို့ ကြည်နူးဝမ်းမြောက်ဖြစ်မိပါသည်။ ကျွန်တော်တို့ပြောဆိုဆွေးနွေးနေမှုများကိုလည်း နေကြာစိုက်တောင်သူများ ဝိုင်းအုံ၍ နားထောင်နေကြခြင်းကြောင့် အားရစရာကောင်းလှသည်။
“တယ် တိကျပါလား ကိုခင်မောင်လွင်ရဲ့” ဟုတ်ရောဟုတ်ရဲ့လား”
ကျွန်တော်မယုံ၍ မေးခြင်းမဟုတ်ပါ။ သူတို့ရင်ထဲက စကားများကိုကြားလို၍ ဆွပေးလိုက်ခြင်းဖြစ်သည်။
“သိပ်ဟုတ်တာပေါ့ ဆရာရ”ဒီကောင်က ပွင့်ဖြူစိုက်ပျိုးရေး အထက်တန်းကျောင်းဆင်းလေ။ ဘာပဲလုပ်လုပ် စာရင်းဇယားနဲ့လုပ်တာ။”
“အေးဗျာ ကောင်းတယ်။ ကြားရတာ ဝမ်းသာပါတယ်။ ကိုခင်မောင်လွင်တို့လို စိုက်ပျိုးရေး အထက်တန်းကျောင်းဆင်းတွေ၊ ပညာတတ်တွေကိုယ်တိုင် မိဘလက်ငုတ်လက်ရင်း တောင်သူအလုပ်ကို လုပ်တယ်ဆိုတော့ အားရစရာပေါ့ဗျာ။ ကဲ ဒါနဲ့ခင်ဗျား စိုက်စရိတ် ဘယ်လောက်ရှိပြီး ဒီနေကြာတစ်ဧကက အကျိုးအမြတ် ဘယ်လောက်ရမယ် မှန်းသလဲ။”
ကျွန်တော်က ကျွန်တော်တို့တောင်သူတွေ နေကြာစိုက်လျှင် ဘယ်လောက် အကျိုးအမြတ်ရမည်ကို သိလို၍ မေးလိုက်ခြင်းဖြစ်သည်။ ကျွန်တော့်နည်းတူ နားထောင်နေကြသော တောင်သူအားလုံးကလည်း နေကြာစိုက်ပျိုးမှု၏ အကျိုးအမြတ်ကို သိချင်နေကြပုံရသည်။
“ဆရာ နေကြာစိုက်ဖို့ မြေပြင်တာက ထယ်တစ်စပ် ထွန်တစ်စပ်ဆိုရင် ၄၅၀၀၀ ကျတယ်။ စိုက်စရိတ်က ၃၃၅၀၀၊ အပင်ပြုစုတာ၊ ကြားပေါင်းလိုက်တာ၊ ပေါင်းနုတ်တာက ၅၁၀၀၀၊ သွင်းအားစုဖြစ်တဲ့ ပုလဲမြေသြဇာက ၈၁၅၀၀၊ ရိတ်သိမ်းချိန်မှာ ကုန်ကျမည့်ငွေက ၆၀၀၀၀ ကျပ်ဖြစ်တာကြောင့် တစ်ဧကစိုက်စရိတ် ကုန်ကျငွေစုစုပေါင်း ၂၇၁၀၀၀ လောက်ကျတယ်။ စောစောကပြောသလို ဒီတစ်ဧကက အနည်းဆုံးနေကြာစေ့ ၂၇ တင်းထွက်ပြီး ဆီကြိတ်လိုက်ရင် ပျမ်းမျှ ၈၃ ပိဿာလောက်တော့ရမယ်။ လက်ရှိဆီတစ်ပိဿာ ပေါက်ဈေးက ငွေကျပ် ၉၀၀၀ ဖြစ်နေတာကြောင့် ၇၄၇၀၀၀ လောက်ရမယ်။ အဲဒီတော့ စိုက်စရိတ်အရင်းက ၂၇၁၀၀၀ ကုန်တာကြောင့် ၄၇၀၀၀၀ ကျော်ကျော် တစ်ဧကအမြတ် ဝင်ငွေရမယ်။ ဒါကျွန်တော်ပျမ်းမျှ တွက်တာ။ ဒီထက်ပိုပြီး ရဖို့ပဲရှိတယ်။”
“အဲဒီတော့ ကိုခင်မောင်လွင် အချိန်မကျလို့ မစိုက်ချင်တာကို အတင်းစိုက်ခိုင်းတဲ့ ဂျာကြီးကို စိတ်မဆိုးဘူးလား။”
စိတ်မဆိုးတဲ့အပြင် ထိုင်တောင်ကန်တော့ချင်တယ် ဆရာရေ။ ဂျာကြီးတိုက်တွန်းလို့ စိုက်ဖြစ်တာ။ ကျွန်တော်တို့ စိုက်တဲ့အချိန်မှာ ဂျာကြီးတို့ စိုက်ပျိုးရေးအဖွဲ့တွေက နေ့တိုင်း နီးပါးလာပြီး ကြည့်ပေးနေတော့ ကျွန်တော်တို့က အရမ်းကျေးဇူးတင်နေတာ။
“ဂျာကြီးတို့ လာလွန်းလို့ ခင်ဗျားအိမ်က ကြက်တွေ ကုန်တော့မှာ မဟုတ်ဘူးလား။”
ကျွန်တော့်စကားကြောင့် နားထောင်နေသူများ အားလုံး ဝိုင်းပြီး ရယ်လိုက်ကြသည်။
“ကြက်တွေ မကုန်ပါဘူး ဆရာရယ်။ စိုက်ပျိုးရေး အဖွဲ့က သူတို့ထမင်းချိုင့်နဲ့ သူတို့လာကြတာပါ။ တစ်ခါတလေ သူတို့ချက်လာတဲ့ ဟင်းတောင် ကျွန်တော်တို့ကိုမျှပြီး ကျွေးပါသေးတယ်။”
“အေး ကောင်းတာပေါ့ဗျာ။ ခင်ဗျားတို့ ရှားတောက စလင်းမြို့နယ်ဆိုပေမယ့် ဆင်ဖြူကျွန်းထဲမှာပါနေတော့ စိုက်တာပျိုးတာ စလင်းနဲ့ သိပ်ပြီးမတူဘူးနဲ့တူတယ်။ ပြီးတော့ စလင်းဆည်တမံက ရေကလည်း ခင်ဗျားတို့ဆီကျတော့ နည်းနည်း အလှမ်းဝေးတော့ အဆင်ရောပြေရဲ့လား။”
“ကျွန်တော်တို့ဆီက ဆည်ရေတော့ ဒီလောက်အားမထားဘူး။ နောက်ပြီး ဧရာဝတီမြစ်နဲ့နီးတော့ မြစ်ရေ၊ ချောင်းရေလည်းဝင်တယ်။ ပြီးတော့ မြစ်နဲ့နီးတော့ ရေတွင်းတူးပြီးသုံးရင် မြေအောက်ရေကလည်း သိပ်ပြီးမဝေးဘူး။ သုံးလို့ရတယ်။ ဒီနှစ်ပိုင်းမှာ ခက်တာက စက်သုံးဆီဈေးကြီးတာပဲ။ ဝယ်လို့တော့ရတယ်။ ဒါပေမဲ့ ဆီဈေးကြီးတော့ စိုက်စရိတ်နဲ့ ဝန်ဆောင်ခတွေ ဈေးကြီးတာပေါ့။ စက်သုံးဆီကိစ္စလည်း ဆရာတို့ ဘာလုပ်ပေးလို့ရမလဲ။ လုပ်ပေးလို့ရရင် လုပ်ပေးပါဦး။”
ကျွန်တော်၏ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံမှုများက ကိုခင်မောင်လွင် အပါအဝင် ကျေးလက်တောင်သူများက သူတို့၏ခံစားချက်များအား တရင်းတနှီးရင်ဖွင့်လာစေပါသည်။
“အေး စက်သုံးဆီကတော့ ကျွန်တော်တို့နိုင်ငံက ထွက်တာက နည်းနည်းပဲ သုံးတာကများတယ်။ ဒီကြားထဲမှာ လူတွေကလည်း အရင်ကနဲ့စာရင် ပိုပြီးချမ်းသာလာတော့ ရွာတွေမှာ ဆိုင်ကယ်မရှိတဲ့ အိမ်က ခပ်ရှားရှား။ တချို့အိမ်ဆို ကားတောင်ရှိကြတယ်။ ဒီတော့စက်သုံးဆီက ပိုပြီးကုန်တာပေါ့ဗျာ။ ပြီးခဲ့တဲ့နှစ်က ကိုဗစ်ဖြစ်တော့ စက်သုံးဆီထုတ်လုပ်တဲ့ နိုင်ငံတွေမှာ ထုတ်လုပ်မှုကလျော့လာတယ်။ ဒါ့အပြင် စက်သုံးဆီ ထုတ်လုပ်တဲ့ ပြည်ပနိုင်ငံတွေကလည်း ထိန်းထားတာတွေပါတယ်။ အစိုးရကတော့ ကိုယ့်ပြည်သူတွေ လုံလုံလောက်လောက် သုံးရအောင် တင်သွင်းခွင့်လည်း
ပြုတယ်။ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်ဈေးနဲ့ ရောင်းပေးနေတာပဲ။ ဒါပေမဲ့ ပစ္စည်းဝယ်လို့ ရတာနည်းတာရယ်၊ လောဘသားတွေက နည်းနည်း မူမမှန်တာရယ်ကြောင့် ဈေးကြီးတာတော ့ရှိနေတယ်။ အရေးကြီးတာက ကျွန်တော်တို့အဖွဲ့တွေ ချွေတာသုံးစွဲကြဖို့ပဲ။ မလိုတဲ့နေရာ ဆိုင်ကယ်၊ ကားနဲ့မသွားဘဲ ဆီချွေတာရင်တော့ ဒီအကျပ်အတည်းကာလကို ကျော်လွန်သွားမှာပေါ့ဗျာ” “အဲဒါနဲ့ ခင်ဗျားတို့ ဒီမှာသီးထပ်သီးညှပ်ရော စိုက်ကြသေးလား။
ဘာသီးနှံတွေ ဘယ်လိုစိုက်ကြသလဲ။ ပြောကြစမ်းပါဦး။ ခင်ဗျားတို့ရွာက ရွာလို့သာပြောရတာ အိမ်ကြီးအိမ်ကောင်းတွေ တယ်ပြီးပေါပါလား”
“အင်း ဆရာကတော့ ပြောရော့မယ်။ တစ်သီးတည်း စိုက်နေလို့ကတော့ ဒီလိုဘယ်နေလို့ရပါ့မလဲ ဆရာရဲ့။ ကျွန်တော့် ဒီအကွက်က ဒီနှစ်သာ ဂျာကြီးပြောလို့ နေကြာစိုက်ဖြစ်လိုက်တာ။ အရင်နှစ်တွေကဆို မိုးတွင်းမှာ ကြက်သွန်နီနဲ့ အာလူးစိုက်တယ်။ ဒီ့အပြင်အခင်းတွေကတော့ မိုးကြိုမှာတော့ စပါးသိမ်းပြီးရင် အဲဒီအစိုဓာတ် လက်ကျန်လေးနဲ့နှမ်းစိုက်ကြတယ်။ ဆရာလည်းတွေ့မှာပဲ နှမ်းခင်းတွေကလည်း ကောင်းမှကောင်းပဲလေ။ ဇွန်လမှာ နှမ်းသိမ်းပြီးရင် ထယ်ထိုး ထွန်ပြန်မွှေ၊ မြေဆီထည့်ပြီး ဇူလိုင်လမှာ မိုးစပါးပြန်ပြီးစိုက်ကြတယ်။ အောက်တိုဘာ၊ နိုဝင်ဘာမှာ စပါးသိမ်းပြီးရင်တော့
ကုလားပဲတို့ ပဲတီစိမ်းတို့ စိုက်ဖြစ်ကြတယ်။ကျွန်တော်တို့လူတွေက ဆင်းရဲတာရဲ့ ခါးသီးမှုကိုခံစားပြီးကြပြီ။ ဒီတော့ လူသာနားရင်နားမယ် မြေကိုအနားမပေးဘူး”
ကိုခင်မောင်လွင်က သူတို့ရွာသားတွေ အလုပ်ကြိုးစားပုံကို ပြောပြရသဖြင့် ကျေနပ်အားရ နေပုံရပါသည်။
“ဆရာကလည်း ပြီးခဲ့တဲ့အပတ်ကတည်းကပဲ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့တယ်မဟုတ်လား။ ကျွန်တော်တို့နိုင်ငံမှာ စိုက်ဧက ၃၃ သန်းရှိတယ်တဲ့။ သီးထပ်သီးညှပ်ပေါင်းလိုက်ရင် ၄၈ သန်းရှိတယ်တဲ့။ အဲဒီတော့ မြေဧက ၁၅ သန်းလောက်ပဲ သီးထပ်စိုက်ပြီး ကျန်တာက သီးထပ်သီးညှပ်စိုက်ဖို့ လိုတာကိုထောက်ပြတယ်။ တကယ်လို့သာ ကျန်တဲ့မြေတွေကိုပါ သီးထပ်သီးညှပ်စိုက်နိုင်ရင် စိုက်ပျိုးရေး ထွက်ကုန်တွေ ဒီထက်နှစ်ဆတိုးနိုင်မယ်။
“ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံမည့်ခေတ်”ကို ပြန်ပြီးရောက်ကြရဦးမှာ”
“အဲဒီခေတ်ကိုလည်း ပြန်ပြီးရောက်မယ့်အပြင် ကျုပ်တို့တောင်သူတွေ ဝင်ငွေနှစ်ဆတိုးမယ့် အပြင် ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေတိုးပြီး ထုတ်လုပ်ပေးလို့ ကုသိုလ်တွေလည်း အများကြီးရကြဦးမှာ”
ကျွန်တော်တို့ စကားဝိုင်းတွင် တစ်ချိန်လုံးငြိမ်၍ နားထောင်နေသည့် ခေါင်းတုံးနှင့် ဆရာပင် ဝမ်းမြောက်ဝမ်းသာ တက်ကြွစွာ ပါဝင်ဆွေးနွေးလာသည်။ ရှားတောရွာသားများ၏ မျက်လုံးများက ဝင်းလက်တောက်ပပြီး ကျွန်တော်စည်းရုံး ပြောဆိုချင်သည့် “ဒို့တောင်သူတွေ ဝင်ငွေတိုးဖို့ သီးထပ်သီးညှပ်စိုက်ကြစို့”ဟူသော ခေါင်းစဉ်ကို ကျွန်တော်အကျယ်ချဲ့၍ စည်းရုံးပြောဆို နေစရာမလိုတော့ပါ။ သူတို့၏ခံစားချက်များဖြင့် သူတို့ကိုယ်တိုင် ပြောဆိုလာနေခြင်းဖြစ်ပါသည်။
သို့ဖြစ်၍လည်း ကျွန်တော်တို့နိုင်ငံ အတွင်းရှိ သီးထပ်သီးညှပ် မစိုက်သေးသော တောင်သူများသို့သာ “ဒို့တောင်သူတွေ ဝင်ငွေတိုးဖို့ သီးထပ်သီးညှပ် စိုက်ကြစို့” ဟု ကျွန်တော်ပြောချင်ပါတော့သည်။ ။
မောင်အောင်