ရာသီစာ ဆေးဖက်ဝင်ကြက်မောက်သီးနှင့်ကျန်းမာရေးအကျိုးပြုပုံ

 

ကြက်မောက်သီးပင်

Rambutan ဟုအမည်ရသော ကြက်မောက်သီးပင်တို့သည် Sapindaceae မျိုးနွယ်ဝင်ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Nephelium lappaceum ဖြစ်ပြီး အပူပိုင်းဒေသတွင်ကောင်းစွာဖြစ်ထွန်းကြသည်။ စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။ အပင်မြင့် အမျိုးအစားမဟုတ်သော်လည်း အကိုင်းအခက်များဖြင့် ဘေးသို့ဖြာထွက်ကာ အသီးထွက်ရှိနှုန်းအားကောင်းသည်။ အပင်၏ပုံစံက Christmas သစ်ပင်နှင့်ဆင်တူသည်။ အရွက်အညှာမှ အပြွတ်လိုက်၊ အခိုင်လိုက် အသီးသီးလေ့ရှိသည်။ အရွက်များက အတော် အတန်ရှည်လျားပြီး ရွက်ညှာများမှာ သုံးရွက်မှ ၁၁ ရွက်ခန့်ထိ ရှိတတ်သည်။ အကိုင်းထိပ်ဖျားတွင် ရနံ့သင်းသော အမြွှာစုံစိမ်း ဖန့်ဖန့်ပန်း ကလေးများ ဖူးပွင့်ကြသည်။ ကြက်မောက်သီး၏ ပုံသဏ္ဌာန်မှာ အတန်ငယ်လုံးဝန်းသော ကြက်ဥပုံ ဖြစ်သည်။ ယေဘုယျ အားဖြင့် အမွေးရှည်လေးများဖုံးအုပ်ထားသော ကြက်မောက်သီးအခွံသည်အနီရောင်ရှိပြီး တစ်ခါ တစ်ရံတွင် ဝါလိမ္မော်သန်းနေသော   အနီရောင်အခွံတို့ကိုတွေ့ရတတ်သည်။

အသီးရင့်မှည့်သွားပါက နီညိုရောင်သို့ပြောင်းသွားသည်။ အတွင်းထဲရှိ အသီးအနှစ်က အဝါရောင်သန်းသော အဖြူရောင်ဖြစ်ကာ ချိုမြမြအရသာရှိသည်။ ထိုအသီးအနှစ်၏အောက်တွင် အညိုနုရောင်သန်းသော အတန်ငယ်ကြွပ်ဆတ်သည့်အစေ့တစ်လုံးပါရှိသည်။ အစေ့သည်  ခါးသက်သက်အရသာရှိပြီး ဆေးဖက်ဝင်သည်။ အခွံစိမ်းသော ကြက်မောက်သီးတို့သည် အတန်ငယ်ချဉ်သည်။ အသီးနု သော အခါမှာ အသားနှင့်အစေ့တို့သည် ကပ်နေကြပြီး အသီးရင့်မှည့်သောအခါတွင် အစေ့ဖယ်စားရန်လွယ်ကူသည်။ မြန်မာပြည်တွင်  ကြက်မောက်သီးကို သရေစာအသီး အဖြစ်သာ အစားများလေ့ရှိသည်။ ကြက်မောက်သီးယို၊ သီးစုံဒိုမီနို၊ သံဘူး စသည်ဖြင့်လည်း စားသုံးနိုင်သည်။

ကြက်မောက်သီးအစေ့မှ ဖယောင်းတိုင်နှင့် ဆပ်ပြာတို့ကို ပြုလုပ်ကြသည်။ ပိုးထည်အစများကို အစိမ်းရောင်ဆိုးရန်အတွက် ကြက်မောက်သီးပင်၏ အမြစ်ကိုအသုံးပြုနိုင်သည်။ အသီးခွံကို ပိုးထည်များတွင် အနက်ရောင်ဆေးဆိုးရန် အသုံးပြုကြသည်။ ကြက်မောက်ပင်၏ ပင်စည်ကို အိမ်ဆောက်လုပ်ရာတွင် အသုံးပြုနိုင်သည်။ ထို့ကြောင့် ကြက်မောက်သီးသာမက အပင်တစ်ပင်လုံး အသုံးဝင်သည်။

မတူကွဲပြား ကြက်မောက်သီးအမည်များ

အထူးသဖြင့် ကမ္ဘာပေါ်တွင် မလေးရှားနှင့်အင်ဒိုနီးရှားတို့မှာ ကြက်မောက်သီးထွက်ရှိမှုအားကောင်းပြီး ယိုးဒယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တောင်အာရှနိုင်ငံများနှင့်ဘိုနီယို၊ အာဖရိက၊ အီကွေဒေါ၊ သြစတြေးလျ၊ အမေရိက အလယ်ပိုင်းနှင့် ကာရေဘီယံ ကျွန်းဆွယ်တို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျက်ရှိကြသည်။ ကြက်မောက်သီးကို သူ့နေရာဒေသအလိုက် အမည်နာမခေါ်ဆိုပုံချင်း မတူညီကြပါ။ အင်္ဂလိပ်အမည်အားဖြင့်  Rambutan ဟုခေါ်သော ကြက်မောက်သီးမှာ အမှန်စင်စစ် မလေးရှားဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ မလေးရှားတွင် ကြက်မောက်သီးကို အမွေးထူသောအသီး(ဝါ) Rambutan  ဟုခေါ်ကြခြင်းဖြစ်သည်။ ပနားမား၊ ကိုစတာရီကာနှင့် နီကာရာဂွါးနိုင်ငံတို့တွင် “mamon chino” ဟူ၍လည်းကောင်း၊ ထိုင်းနိုင်ငံတွင်  "ngoh" ဟူ၍လည်းကောင်း၊ ပြင်သစ်နိုင်ငံတွင် "ramboutan (or) ramboutanier" ဟူ၍လည်းကောင်း၊ အိန္ဒိယတွင် "ramboostan" ဟူ၍လည်းကောင်း၊ တရုတ်တွင် ဓှ့ "Shaotzu" ဟူ၍လည်းကောင်း၊  ဗီယက်နမ်တွင် "chom chom သို့မဟုတ် vai'' ဟူ၍လည်း ကောင်း အမျိုးမျိုးခေါ်ဆိုကြသည်။

မြန်မာ့ကြက်မောက်သီး

မြန်မာပြည်၏ ရေမြေရာသီဥတုပေါ်မူတည်၍ ကြက်မောက်ပင်သည် စိုက်ပျိုးပြီးနောက် ခြောက်နှစ်ခန့်အကြာတွင် အသီးစတင်သီးပြီး နှစ်ပေါင်း ၅၀ အထိ သက်တမ်းရှည်ကာ တစ်နှစ်ထက်တစ်နှစ် အသီးပိုသီးလေ့ရှိသည်။ အများအားဖြင့်  အသီးထွက်ရှိချိန်မှာ မေနှင့် ဇွန်လတို့ ဖြစ်သည်။ ထို့ပြင် ကြက်မောက်သီးမျိုးများကို အသားနှင့်အစေ့ကိုခွာ၍ ရနိုင်မှုပေါ်မူတည်ပြီး အကြမ်းအားဖြင့် အစေ့ကြွပ် ကပ်နှင့် အစေ့မကပ်မျိုး ဟူ၍ခွဲခြားကာ ကန်ကလေး(၁)၊ ကန်ကလေး(၂)မျိုးများသည် စိုက်ပျိုးရန်သင့်လျော်သော မျိုးများဖြစ်သည်။ ပြည်တွင်း၌ ကြက်မောက်သီးကို တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ အဓိက စိုက်ပျိုးကြသည်။ အစေ့လွတ် ကြက်မောက်သီးများသည် ယိုးဒယား ကြက်မောက်သီးကဲ့သို့ အချိုစူးရှသည်။

ကြက်မောက်သီးနှင့် ကျန်းမာရေး

ကြက်မောက်သီးပင်မှ လူသားတို့အတွက် အာဟာရပြုပေးနိုင်ပုံကို Institute of Medicine က ယခုလို အကြံပြု ထားသည်။ ကြက်မောက်သီးသာမက အရွက်၊ အသီးခွံ၊ အစေ့၊ ပင်စည်နှင့်အမြစ်တို့လည်း ဆေးဖက်ဝင်ကြသည်။ ပင်စည်ထဲတွင် saponin, tannin, iron, pectin နှင့် flavonoids တို့ပါရှိကြပြီး အစေ့ထဲတွင် polifenol နှင့် fat တို့ပါရှိသည်။ ၁၀၀ ဂရမ်ရှိသော ကြက်မောက်သီး တစ်ခွက်စာပမာဏတွင် လူသားတို့ကျန်းမာရေးအတွက် ခွန်အားဖြစ်စေသော ပရိုတင်း ၁ ဒသမ ၀ ဂရမ်၊ ကစီဓာတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ်၊ သီအာမင် သုည ဒသမ ၀၁ ဂရမ်၊ ဗီတာမင်စီ ၇ ဒသမ ၄ မီလီဂရမ်၊ ဆိုဒီယမ် ၁၆ ဒသမ ၅ ဂရမ်၊ ပိုတက်စီယမ် ၆၃ ဂရမ်၊  ကယ်လ်စီယမ် ၃၃ မီလီဂရမ်၊ ဗီတာမင်အေ ၄ ဒသမ ၅ IU   နှင့် သံဓာတ်  သုည ဒသမ ၅ မီလီဂရမ်တို့ ပါရှိသည်။ ပြည့်ဝဆီနှင့် ကိုလက်စထရော လုံးဝမပါရှိကြပေ။ ကြက်မောက်သီးတွင် သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ်နှင့် စူးခရို့စ်တို့  များစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းသည်။  ထို့ကြောင့် ယခုလို အာဟာရ တန်ဖိုးများစွာပါဝင်သည့် ကြက်မောက်သီးကို စားပေးခြင်းဖြင့် အောက်ပါကျန်းမာရေးစွမ်းပကားများကို ရရှိစေနိုင်မည် ဖြစ်သည်။

  • ကြက်မောက်သီးကို မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ရိုးရာဆေးစွမ်းတစ်လက်အဖြစ် ရှေးနှစ်ရာပေါင်းများစွာ ကတည်း ကပင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် တခြားနာမကျန်း ဖြစ်မှုများစွာကို ကုသရာတွင် အသုံးပြုခဲ့ကြသည်။
  • ကြက်မောက်သီးတွင် ဗီတာမင်စီနှင့် ဘီတာကယ်ရိုတင်းတို့အပြင် ဖလေဗိုနွိုက် ခေါ် အပင်မှထွက်ရှိသော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ပေါများစွာပါရှိကြောင်း၊ ထိုဖလေဗိုနွိုက်သည် သွေးအတွင်းမကောင်းသော ကိုလက်စထရောများကို လျော့ကျစေခြင်း၊ ကင်ဆာရောဂါများ ဆန့်ကျင်တိုက်ထုတ်ပေးခြင်း၊ ရောင်ရမ်းမှုတို့ကို လျော့ကျစေခြင်း စသည်ဖြင့် ဆေးစွမ်းထက်မြက်ကြောင်း ထိုင်းနိုင်ငံရှိ Chiang Mai University မှ စမ်းသပ်ဖော်ထုတ်ခဲ့သည်။ ထိုအစွမ်းတို့ကြောင့် ယခုအခါ ကြက်မောက်သီး Extract ကို ဆေးဝါးထုတ်လုပ်လျက်ရှိသည်။
  • ကြက်မောက်သီးအခွံထဲတွင် Gallic အက်စစ်တစ်မျိုးပါဝင်ပြီး ထိုအက်စစ်က ခန္ဓာကိုယ်ထဲတွင် ဖရီးရယ်ဒီကယ်လ်များ ကြောင့် ထိခိုက်မှုတွေမဖြစ်လာအောင် ကာကွယ်ပေးသည်။
  • ကြက်မောက်သီးထဲတွင်  ဗီတာမင်စီများစွာပါဝင်သည်။  ကြက်မောက်သီး ၁၂ လုံးထဲတွင် အက်စ်ကောဘစ်အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ်ပါဝင်ပြီး  လူတစ်ယောက်၏ တစ်နေ့တာလိုအပ်သော ဗီတာမင်စီထက် နှစ်ဆကျော် ရှိသည်။ ဗီတာမင်စီသည် ခန္ဓာကိုယ်ဆဲလ်များကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုကာကွယ် ပေးနိုင်ပြီး သံဓာတ်စုပ်ယူနိုင် အောင်လည်း ကူညီပေးသည်။
  • ကြက်မောက်သီးထဲတွင် သွေးနီဥနှင့်သွေးဖြူဥများပြုလုပ်ရာတွင်လိုအပ်သော ကြေးနီဓာတ်အသင့်အတင့်ပါရှိသည်။
  • သွေးတိုးရောဂါဝေဒနာသည်များသည် တစ်နေ့လျှင်ကြက်မောက်သီး ရှစ်လုံးမှ ၁၀ လုံးခန့်စားပေးသင့်သည်။ အစေ့ထဲတွင် hypoglycemic ဓာတ်ပါရှိခြင်းကြောင့် သွေးထဲရှိသကြားပမာဏကို ကျဆင်းစေသည်။
  • ကြက်မောက်သီးက လူတစ်ဦးလျှင် တစ်နေ့တာလိုအပ်သော သံဓာတ်ပမာဏ၏ ၁၃ ဒသမ ၈ ရာခိုင်နှုန်းကျော်ကို   ထောက်ပံ့ ပေးနိုင်သည်။ ထို့ကြောင့် သံဓာတ်အရင်းအမြစ်တို့ စုဝေးရာ ကြက်မောက်သီးကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ် သော အောက်ဆီဂျင်ပမာဏကို ဖြည့်စွက်ပေးနိုင်ပြီး မူးဝေခြင်း၊ နုံးချည့်ပင်ပန်းခြင်း၊ ဖျော့တော့နွမ်းနယ်ခြင်း စသည့် သံဓာတ်အားနည်းခြင်းကြောင့် ဖြစ်တတ်သော သွေးအားနည်းရောဂါတို့ကို ကာကွယ်ပေးနိုင်သည်။
  • ကြက်မောက်သီးတစ်ခွက်စာ ပမာဏကိုစားသုံးသောအခါ တစ်နေ့တာလိုအပ်သည့်ဖော့စဖောရပ် ၄ ဒသမ ၃ ရာခိုင်နှုန်း ရရှိစေသည့်အတွက် ကျောက်ကပ်ကို ကောင်းစွာအလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးသည်။ ကျောက်ကပ်ကို သန့်စင်စေ သည်။
  • ကယ်လ်စီယမ်ဓာတ်ပါရှိခြင်းကြောင့် သွားနှင့် အရိုးများကို ခိုင်ခံ့စေသည်။
  • ကြက်မောက်သီးကိုစားပေးခြင်းဖြင့် အူလမ်းကြောင်းရှိ ကပ်ပါးကောင်များကို သေစေနိုင်သည့်အပြင် ဝမ်းလျှော၊ ဝမ်းပျက် ခြင်း ဝေဒနာတို့ကိုလည်း သက်သာစေကြောင်း The Online Culinary School website မှအကြံပြု ထောက်ခံထားသည်။
  • ကြက်မောက်သီးအစေ့ကို သူ့ချည်းပဲ အစိမ်းလိုက်ဝါးစားနိုင်သလို ကြိတ်ခြေပြီး အခြားသောအစားအစာတို့နှင့် တွဲဖက် စားပေးခြင်းဖြင့် ခန္ဓာကိုယ်အဆီများကို ထိထိရောက်ရောက်ချပေးနိုင်သည်။ ထို့ပြင် အသားအရေကို ကျန်းမာစေပြီး အထူးသဖြင့် မျက်နှာအသားအရေကို နူးညံ့ချောမွေ့စေသည်။ (သို့သော် လူအချို့က ကြက်မောက်သီးအစေ့နှင့် မွေးရာပါ ဓာတ်မတည့်မှုများရှိတတ်သဖြင့် သတိပြု၍ စားသုံးသင့်သည်)
  • ကြက်မောက်ပင်အရွက်ကိုထောင်းထု၍  အနာအုံဆေးအဖြစ်လည်းကောင်း၊  အသားအရေ ခြောက်သွေ့ခြင်းအတွက်  lotion အဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။ ခေါင်းကိုက်သောအခါ ကြက်မောက်ပင်အရွက်ကို နားထင်ပတ်လည်တွင် ထောင်းအုံပေးခြင်းဖြင့် ဝေဒနာများ သက်သာလာစေနိုင်သည်။ ထို့ပြင် ကြက်မောက်ပင်အရွက်ကို သန့်စင်အောင် ဆေးကြောပြီး ရေအနည်းငယ်ထည့်၍ ကြိတ်ခြေပါ။ ထိုအနှစ်ကို အဝတ်သန့်သန့်ဖြင့် ထုပ်ကာ ညှစ်ပြီးရလာသည့် အရွက် သတ္တုရည်ကို ဦးရေပြားအနှံ့မှန်မှန်လိမ်းပေးခြင်းဖြင့် ဆံပင်သားများ သန်စွမ်းနက်မှောင်လာစေနိုင်သည်။ ဆံပင်ဆိုးဆေး အဖြစ်လည်း အသုံးပြုနိုင်သည်။
  • ကြက်မောက်သီးအခွံကို ခပ်ပါးပါးလှီးပြီး ရေသုံးခွက်တစ်ခွက်တင်ကြို၍ အအေးခံကာ တစ်နေ့ နှစ်ကြိမ်သောက်သုံး ပေးခြင်း ဖြင့် ဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေနိုင်သည်။
  • ကြက်မောက်သီးအစေ့ငါးလုံးကိုလှော်၍ ကြိတ်ခြေပါ။ ထို့နောက် ရေအေးအေးတစ်ခွက်ဖြင့် ထိုနည်းအတိုင်း တစ်နေ့နှစ်ကြိမ် သောက်သုံးပေးပါက ဆီးချိုရောဂါကို သက်သာလာစေနိုင်သည်။
  • ကြက်မောက်သီးအခွံခြောက် ၁၅ ဂရမ်ခန့်ကို ရေ သုံးခွက်စာပမာဏဖြင့်ရော၍ အချိန် ၁၅ မိနစ်ခန့် ဆူအောင်တည်ပါ။ အအေးခံပြီးနောက် ထိုပြုတ်ရည်ကို တစ်နေ့သုံးကြိမ်သောက်ပေးခြင်းဖြင့် ဖျားနာရောဂါများ ယူပစ်သလို ပျောက်ကင်း စေနိုင်သည်။
  • ကြက်မောက်သီး ငါးလုံးစာပမာဏထဲတွင် လူတစ်ယောက်၏ တစ်နေ့တာလိုအပ်လျက်ရှိသော ဗီတာမင်စီကို အပြည့်အဝ ရရှိနိုင်သည်။
  • ကြက်မောက်ပင်စည်သားကိုပြုတ်၍ မှက္ခရုနာများကို လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းသက်သာ စေပါသည်။
  • ကြက်မောက်ပင်၏ အမြစ်ကိုပြုတ်၍ သန်ချဆေးအဖြစ် သောက်သုံးနိုင်သည်။
  • မလေးရှားနိုင်ငံ၏  ပရဆေးဆိုင်များတွင် ကြက်မောက်သီးအခွံခြောက်များကို ဖျားနာခြင်းဝေဒနာ အမျိုးမျိုးကုသရန်အတွက် ဖောဖောသီသီ ရောင်းချလျက်ရှိကြသည်။

အချုပ်အားဖြင့်ဆိုသော် ကြက်မောက်သီးမှည့်သည် စပျစ်သီးထက်အရည်ရွှမ်းပြီး လိုက်ချီးသီးအရသာနှင့်လည်း ခပ်ဆင်ဆင်တူသည်။ ကြက်မောက်သီးစားခြင်းဖြင့် ဘေးထွက်ဆိုးကျိုးမရှိနိုင်ပေ။ ရာသီစာသီးနှံဖြစ်သောကြောင့် ယခုလို မိုးဦးကာလတွင်သာရရှိနိုင်သည့်     ဆေးဖက်ဝင်ကြက်မောက်သီးများကို ကျန်းမာရေးလိုက်စားသူတိုင်း  ဝယ်ယူစားသောက်စေလိုပါကြောင်း။  ။

ပေါက်ပေါက်