ရန်ကုန်၊ ဘောလုံး
ယခုနှစ်မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲအပြီးတွင် ဂိုးဖန်တီးမှု အများဆုံးကစား သမားများအဖြစ် ဟံသာဝတီယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ဟိန်းထက်အောင်နှင့် ဧရာဝတီယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား လွင်မိုးအောင်တို့ ပူးတွဲရပ်တည်ခဲ့သည်။
ဟိန်းထက်အောင်နှင့် လွင်မိုးအောင်တို့သည် ယခုနှစ်ဘောလုံးရာသီတွင် အသင်းဖော်များ ဂိုးသွင်း နိုင်ရန် ပံ့ပိုးမှုကိုးကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဂိုးဖန်တီးမှု အများဆုံး ကစားသမားများ အဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကွင်းလယ်ကစားသမား ဟိန်းထက်အောင်သည် ဒုတိယဆုရရှိခဲ့သည့် ဟံသာဝတီယူနိုက်တက် အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် ခြောက်ဂိုးသွင်း၍ ကိုးဂိုးဖန်တီးပေးခဲ့ကာ စက်တင်ဘာလ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သည်။
အသက် ၁၉ နှစ်အရွယ် ဟိန်းထက်အောင်သည် မန္တလေးဘောလုံး အကယ်ဒမီမှ ပေါ်ထွက်ခဲ့သည့် ကစားသမားဖြစ်ပြီး ၂၀၁၈ ခုနှစ်က ဟံသာဝတီယူနိုက်တက်အသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ခဲ့သည်။ ကွင်းလယ်ကစားသမား လွင်မိုးအောင်သည် ယခုနှစ်မြန်မာနေရှင် နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီယူနိုက်တက် အသင်းနှင့်အတူ တတိယဆု ရယူ နိုင်ခဲ့ပြီး အသင်းအတွက် ဂိုးဖန်တီးမှု ကိုးကြိမ်ပြုလုပ်ခဲ့ကာ ဟိန်းထက်အောင်နှင့်အတူ ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့သည်။ အသက် ၂၀ အရွယ် လွင်မိုးအောင်သည် မန္တလေး ဘောလုံးအကယ်ဒမီမှ ပေါ်ထွက်ခဲ့သည့် ကစားသမားဖြစ်ပြီး ၂၀၁၈ ခုနှစ်က ဧရာဝတီ ယူနိုက်တက်အသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ခဲ့သည်။
၎င်းသည် ၂၀၁၇ ခုနှစ်မှစ၍ သက်တမ်းအလိုက်လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၉ ဆီးဂိမ်းတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့သည့် မြန်မာ ယူ-၂၂ အသင်း၌လည်း ပါဝင်ခဲ့သည်။
ကိုရဲ