ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းဆိုသည်မှာ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန် ၁၁ ရက်)

“ယခုအခါ ခေတ်ကာလအရ နိုင်ငံတကာတွင် မီးရထားများကို လျှပ်စစ်ဓာတ်အားအသုံးပြု၍ ပြေးဆွဲနေကြသဖြင့် မိမိတို့နိုင်ငံတွင် လည်း လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၂၇ ရက်နေ့တွင် မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် “တစ်နိုင်ငံလုံး လျှပ်စစ်စက်ခေါင်းများဖြင့် ပြေးဆွဲနိုင်ရေး အဓိကထားရည်မှန်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)အနေဖြင့် လျှပ်စစ်စက်ခေါင်းငယ်များမှစ၍ သုတေသနပြု ထုတ်လုပ်ပြီး ၎င်းမှတစ်ဆင့်အဆင့်မြှင့်တင်ခြင်းနှင့် လျှပ်စစ်စက်ခေါင်းကြီးများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အဆင့်ဆင့် ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်းဖြင့်” မှာကြားခဲ့ပါသည်။

တီထွင်ကြံဆနည်းလမ်းရဆိုသည့်အတိုင်း လူသားတို့၏အသိပညာ၊ အတတ်ပညာများဖြင့် တီထွင်ဆန်းသစ်မည်ဆိုပါက မဖြစ်နိုင် စရာအကြောင်းရှိမည်မဟုတ်ပေ။ လူသားတို့တီထွင်မှုကြောင့်ပင် ဤကမ္ဘာ လောကကြီးသည် အရာရာတွင် အဆင်ပြေပြေရှိနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ကားများ၊ လျှပ်စစ်ရထားများပြေးဆွဲနိုင်ရန် နိုင်ငံတော်မှစီမံဆောင်ရွက်နေခြင်းမှာ ပြည်သူများ အတွက် ဝမ်းသာဖွယ်သတင်းကောင်းဖြစ်ပါသည်။ လူတိုင်းသည် မိမိနိုင်ငံကိုချစ်သည့်စိတ်၊ မိမိနိုင်ငံတိုးတက်လိုသည့်စိတ်၊ မိမိ၏ အရည်အချင်းကို မိမိယုံကြည်သည့် စိတ်တို့ဖြင့် ကြိုးစားမည်ဆိုပါက ရာနှုန်းပြည့်အောင်မြင်ပေမည်။

မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက် သယံဇာတများဖြစ်သည့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက် မီးသွေး စသည့်ရုပ်ကြွင်း လောင်စာ များမှာ အကန့်အသတ်ရှိသော သယံဇာတများဖြစ်သည်။ သုံးစွဲပါများလာလျှင် အချိန်ကာလတစ်ခုတွင် ကုန်ခန်းသွားမည်ဖြစ်ပါသည်။ လူသားတို့ နေထိုင်သောကမ္ဘာကြီးတွင် လူသားတို့သည်အသက်ရှင်သန်ရန် အလုပ်လုပ်ကိုင်ကြရသည်။ ထိုအခါရုပ်ကြွင်း လောင်စာ များကိုအသုံးပြုကြရသည်။ ရုပ်ကြွင်းလောင်စာများသုံးစွဲမှု၊ မှန်လုံအိမ်ဓာတ်ငွေ့များကြောင့် အပူချိန်မြင့်မားလာသည်။ ရာသီဥတု ပြောင်းလဲလာသည်။ ထို့ကြောင့် ရုပ်ကြွင်းလောင်စာများကို လျှော့ချသုံးစွဲရန် ကြိုးစားကြရပြန်သည်။

စက်မှုထွန်းကားသည့် နိုင်ငံအချို့တွင် လာမည့်နှစ်အနည်းငယ်အတွင်း ဒီဇယ်၊ ဓာတ်ဆီအင်ဂျင် ကားများထုတ်လုပ်မှု ရပ်ဆိုင်း တော့မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါနေရာတွင် လျှပ်စစ်ဘက်ထရီ အင်ဂျင်ကားများ ထုတ်လုပ်သုံးစွဲသွားရန် ဆောင်ရွက်နေပြီ ဖြစ်သည်။ လျှပ်စစ်ကားများကိုမူ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကပင် သုံးစွဲနေပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဘက်ထရီအင်ဂျင်ကားများ သုံးစွဲရန်ဆောင်ရွက်နေခြင်းမှာ လွန်စွာမှန်ကန်သော လုပ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်သော်လည်း နိုင်ငံအတွင်းအသုံးပြုမှုမှာ များပြားလှသည့်အတွက် လိုအပ်သည့် စက်သုံးဆီများကို ပြည်ပမှတင်သွင်းနေရသည်။

ကမ္ဘာတွင်ဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေပေါ်မူတည်ကာ ရေနံဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိသည်။ ရေနံ ဈေးနှုန်းမြင့်တက်မှုဒဏ်ကို မြန်မာနိုင်ငံသည်လည်း ရိုက်ခတ်ခံရသည်။ ထို့ကြောင့် စက်သုံးဆီချွေတာရေးကို ပြည်သူတစ်ရပ်လုံး လိုက်ပါလုပ်ဆောင်သင့်လှသည်။ မလိုအပ်သော ခရီးမသွားဘဲနေခြင်း၊ လိုအပ်၍သွားမည်ဆိုပါကလည်း အများသုံး သယ်ယူပို့ ဆောင်ရေးဖြစ်သော မီးရထားများ၊ မော်တော်ယာဉ်လိုင်းများဖြင့် သွားလာခြင်းများ ပြုသင့်သည်။ ထို့ပြင် နိုင်ငံတော်က စီမံ ဆောင်ရွက်နေသော လျှပ်စစ်ကား၊ လျှပ်စစ်ရထားများ အမြန်ဆုံးပေါ်ပေါက်လာခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်တွင် ခရီးသည်နှင့်ကုန်စည်ပမာဏ အများအပြားသယ်ယူ ပို့ဆောင်ပေးနိုင်သောရထား၊ ဘတ်စကားနှင့် ကုန်တင်ကား များကို လျှပ်စစ်စွမ်းအားဖြင့် အသုံးပြုနိုင်ရန်ကြိုတင်ပြင်ဆင်ခြင်း၊ သုတေသနပြုခြင်းတို့မှာ နိုင်ငံ၏အနာဂတ်နှင့် ရေရှည်အကျိုး စီးပွားအတွက်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်လျှပ်စစ်စွမ်းအားကို နိုင်ငံအတွင်းရရှိနိုင်သည့် အရင်းအမြစ်များမှနေ၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးနည်းလမ်းများဖြင့် ထုတ်လုပ်သွားရန်လည်း စီစဉ်လျက်ရှိပါသည်။ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားကို အပြည့်အဝသုံးစွဲလာနိုင်သည်နှင့်အတူ လျှပ်စစ်ကား၊ လျှပ်စစ်ရထားများအသုံးပြုခြင်းများ ပီပီပြင်ပြင် ဖြစ်ပေါ်လာ တော့မည် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ရထားပို့ဆောင်ရေးစနစ်သည် အဓိကကျသည့်ပို့ဆောင်ရေးစနစ်ဖြစ်သည်။ မြန်ဆန်ခြင်း၊ လူနှင့် ကုန်ပစ္စည်းများစွာကို သယ်ပို့နိုင်ခြင်း၊ အချိန်သက်သာ၊ လူသက်သာခြင်း စသောကောင်းကျိုးများကိုရရှိ စေသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးအတွက်သုတေသနပြုလုပ်ပြီး တစ်နိုင်ငံလုံးရှိ အဓိကကျသည့်နေရာများကို လျှပ်စစ်ရထား အသုံးပြု ပြေးဆွဲနိုင်ရေး အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်မှုသည်အောင်မြင်ပါက ပိုမို၍ခေတ်မီဖွံ့ဖြိုး တိုးတက်လာမည်ဟု ယုံကြည်ပါ ကြောင်း ရေးသားလိုက်ရပေသည်။   ။