ပန်းကလေးများလန်းစေချင်

အသော့နှင်လာသည့် မြောက်ပြန်လေညင်းသည် သင်းပျံ့သည့်မိုးရနံ့ကို သယ်ဆောင်လာခဲ့သည်။ အေးမြမြခံစားမှုသည် ပတ်ဝန်း ကျင်ကို အရိပ်ပေးရုံသာမက လူသားတို့၏ နှလုံးသားကိုလည်း နူးညံ့စေသည်ဆိုလျှင် မှားမည်မထင်ပေ။ သစ်ပင်ပန်းမန်တို့တွင်လည်း  ရွက်ဟောင်းတွေကြွေကျ၍ ရွက်သစ်တွေတာစူနေကြပေပြီ။ ဖန်တီးထားသည့်အလှတရားထက် သဘာဝအလှသည် ပို၍တင့်တယ် ခမ်းနားပေသည်။  အသက်အရွယ်ရလာသည့်အခါ မိုးသားရနံ့ကို ခံစားနားလည်တတ်ခြင်းပင်ဖြစ်မည်။ ငယ်စဉ်အချိန်အခါတွင် မိုးသားရနံ့ကို ခံစားတတ်ခဲ့သည်မဟုတ်။ လေပွေမွေ့မည်၊ လေတိုက်မည်ဆိုလျှင် မိုးရွာတော့မည်ဟုသိခဲ့သည်။  မိုးတွင်းရောက်တော့ မည်။ မိုးရွာလျှင် မိုးရေချိုးမည်ဟူသောအတွေးထက် မိုးရာသီဆိုလျှင်ကျောင်းတက်ရတော့မည်။မုန့်ဖိုးရမည်။ သူငယ်ချင်းများနှင့် ပြန်တွေ့ရမည်။ သိပ်ပျော်စရာကောင်းသည်ဟုသာ တွေး၍ပြုံးပျော်ခဲ့ရသည်။

စာရေးသူတို့ ငယ်စဉ်အချိန်ကိုပြန်တွေးမိသည့်အခါ ယခုခေတ်ကလေးများဆီသို့ အတွေးရောက်သွားပြန်သည်။ ကမ္ဘာ့ကပ်ရောဂါ ဘေးကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရသည်မှာကြာခဲ့ပြီ။ ကလေးငယ်များလည်း ကျောင်းခန်းသို့ပြန်ဝင်ချင်ကြပေလိမ့်မည်။ ယခုကဲ့သို့ မိုးရနံ့ကိုရသည်နှင့် ကျောင်းတက်ချင်ကြပေလိမ့်မည်။ စိမ်းမြနေသည့်ပတ်ဝန်းကျင်သည်လည်းကောင်း၊ အဖူးအပွင့်ဝေနေ သည့် စိန်ပန်းပင်တို့သည်လည်းကောင်း ကလေးတို့၏စိတ်အာရုံအား စာသင်ခန်းဆီရောက်အောင် မြှူဆွယ်သလိုရှိနေပေလိမ့်မည်။   မိုးလေးတစိုစို ထီးအရိပ်ခို၍ တူညီဝတ်စုံဝတ်ဆင်ထားကြသည့် ကျောင်းသား၊ ကျောင်းသူတွေ ဆရာ၊ ဆရာမတွေကို ပြေးမြင်မိပြန် သည်။ သူငါသတ္တဝါဟူသမျှ လှုပ်ရှားရုန်းကန်ကြရသည်ဆိုသော်လည်း လူသားများအတွက် ပို၍ထူးခြားသည်မှာ အနာဂတ်ဟူသော မျှော်လင့်ချက်ပင်ဖြစ်သည်။မျှော်လင့်ချက်ဖြင့် အသက်ရှင်ရပ်တည်ကြသူများပင်ဖြစ်ကြသည်။   ထိုမျှော်လင့်ချက်ပန်းတိုင်ရောက်ရန် ဝမ်းစာဖူလုံရန်လိုအပ်ပေသည်။

လူသားတိုင်းအတွက် လူ့ဘ၀၀မ်းစာလိုအပ်သည်။ လူ့ဘ၀၀မ်းစာဖူလုံသင့်တင့်ရန် အသိပညာ၊ အတတ်ပညာဆည်းပူးကြရမည်။ အသိပညာကို ပတ်ဝန်းကျင်၌ရှာဖွေ၍ရသည်ဆိုသော်လည်း အတတ်ပညာမပြည့်စုံလျှင် အသိပညာကို အကောင်အထည်ဖော်ရန် မလွယ်ကူချေ။ အတတ်ပညာတတ်မြောက်သော်လည်း အသိပညာဖြင့် မပေါင်းစပ်နိုင်လျှင် လူ့ဘဝမှာတင့်တယ်ရန် မဖြစ်နိုင်ခြေ။ အသိပညာ၊ အတတ်ပညာများစုစည်းရာ အခြေခံနေရာမှစ၍ ဆည်းပူးလေ့လာကြရမည်။ ထိုနေရာသည် လူသားတို့၏ဘဝကို  မီးမောင်းထိုးပြရာ စာသင်ကျောင်းများပင်ဖြစ်သည်။ လူငယ်တို့မည်သည် ထွက်သစ်စဖူးပုရစ်များနှင့်တူသည်။ ခူးခြွေလျှင်လည်း ကြွေလွယ်မည်။ မခူးခြွေဘဲ  ပြုစုပျိုးထောင်လျှင်လည်း မွှေးရနံ့သင်းပျံ့သော ပန်းကလေးများပွင့်လာနိုင်သလို အနာဂတ်မျိုးစေ့ အသီးများ လည်း ဖြစ်လာနိုင်ပေသည်။ စိမ်းစိုသောပတ်ဝန်းကျင်အလှနှင့်အတူ လူငယ်များကိုယှဉ်တွဲမြင်လာမိသည်။

ယခုအခါ စာသင်ကျောင်းများဖွင့်လှစ်သင်ကြားနေပြီဖြစ်၍ ဖူးပုရစ်ကဲ့သို့သောကျောင်းသား၊ ကျောင်းသူလူငယ်များကို အစီအရီ မြင်တွေ့ရသည်မှာ ကြည်နူးစရာကောင်းလှသည်။ သဘာဝအလှနှင့်အားဖြည့်သည့်အခါ လူ့ဘဝအလှမှာ ပို၍တင့်တယ်လာပေသည်။  လူငယ်များသည်  ဖူးပုရစ်နှင့်တူသည်။  စိမ်းလန်းတက်ကြွမှုရှိသည်။ လှပအောင်ပြုပြင်ရမည်မှာ မိဘနှင့်ပတ်ဝန်းကျင်ဖြစ်သည်။ ပညာသင်အရွယ်  လူငယ်များအတွက် အကောင်းဆုံးပတ်ဝန်းကျင်သည် စာသင်ကျောင်းများပင်ဖြစ်သည်။ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စည်းလုံးညီညွတ်မှု အတွေးအမြင်ဖလှယ်ခြင်းများကို စာသင်ခန်းဆီမှ  ပိုမိုသင်ယူတတ်မြောက်ကြရသည်။ မိဘဟူသည် သားသမီးတို့၏ အခြေခံအုတ်မြစ်ဖြစ်သလို ဆရာ၊ ဆရာမများသည် တပည့်များ၏ ဖန်တီးရှင်များဖြစ်သည် ဆိုလျှင်မမှားချေ။

လူငယ်များသည် သစ်လုံးကုန်ကြမ်းများနှင့်တူသည်။ မိဘများသည် သစ်လုံးပိုင်ရှင်များဖြစ်သည်။ ဆရာ၊ ဆရာမများသည် ပန်းပု ဆရာများဖြစ်ပေသည်။ ပန်းပုရုပ်တိုင်း လှပချောမွေ့မည်မဟုတ်။ သစ်အမျိုးအစားပေါ်မူတည်၍ ကွဲပြားပေမည်။ ပန်းပုဆရာများသည် ကြိုးစားထွင်းထုပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ကြည့်ရှုချင်စဖွယ် ပန်းပုရုပ်များ ဖြစ်လာမည်မှာ ဧကန်မုချပင်ဖြစ်သည်။ သူ့နေရာနှင့်သူ သင့်တော်ရာ၌ တင့်တယ်မည့် ပန်းပုရုပ်တုများပင် ဖြစ်မည်။

သစ်လုံးများကို ဆွေးချင်ဆွေး ဖြစ်ချင်ရာဖြစ်ဟုထိုင်ကြည့်နေလျှင် ဘယ်သောအခါမှ အမြင်တင့်မည်မဟုတ်ပေ။ တန်ဖိုးရှိအောင်   ထွင်းထုရန်အပ်နှံရမည်မှာ သစ်လုံးပိုင်ရှင်များပင်ဖြစ်ပေသည်။ အနာဂတ်ဟူသည် ဝေးသည်မဟုတ်။ အောင်မြင်မှုဟူသည်လည်း ခက်ခဲသည်မဟုတ်။ ဝေးသည်ခက်ခဲသည်ဟူသောတိုင်းတာချက်တွင် အတတ်ပညာ၊ အသိပညာသည် အဆုံးအဖြတ်ပေးပေလိမ့်မည်။

လူတိုင်းပန်းတိုင်တစ်ခုသို့သွားကြမည်။ ခံယူချက်ယုံကြည်ချက်နှင့်သွားကြမည်။ သွားသောခရီးတွင် ပညာပြည့်စုံမှဖြစ်မည်။ သွား လိုရာကိုသွားခွင့်ရှိသည်။ စမ်းတဝါးဝါးသွားလျှင် လမ်းမှားသို့သာရောက်ပေမည်။ လမ်းမမှားရန် ပညာ့ဝမ်းစာဖြည့်ရပေမည်။ ပညာ့ ဝမ်းစာပြည့်လျှင် လမ်းမှားကိုလည်းမရောက်အောင် ရှောင်ကြဉ်တတ်ပေလိမ့်မည်။ ထို့ကြောင့်ပင် ပညာရွှေအိုးဟုဆိုရိုးဖြင့် တင်စားခဲ့ ကြခြင်းဖြစ်သည်။

ဤကမ္ဘာမြေလောကတွင် နူးညံ့၍လှပသော အရာအားလုံးကို ပန်းကလေးများဖြင့် တင်စားကြသည်။ ပန်းကလေးများသည် ဖူးငုံအဆင့်မှစ၍ ဥယျာဉ်မှူးတို့၏ ရေလောင်းပေါင်းသင်မှုကြောင့် ပွင့်လန်းလာရခြင်း ဖြစ်သည်။ ဖူးငုံစပန်းကလေးများကို ဥယျာဉ်မှူး များအထူးဂရုစိုက်ကြရသည်။ ဖူးငုံဘဝမှမပွင့်လန်းမီ ကြွေကျပျက်စီးသွားလျှင် ဥယျာဉ်မှူးတို့အတွက် ဆုံးရှုံးနစ်နာမှုများပေမည်။ နှမြောတသဖွယ် ကောင်းလှပါသည်။ အချိန်မတန်ခင် ကြွေလွင့်ရခြင်းသည် ဥယျာဉ်မှူးတစ်ဦးတည်းခံစားရသည်မဟုတ်ချေ။  ပန်းတောကြီး တစ်ခုလုံးကို အကျည်းတန် ရုပ်ဆိုးစေပါသည်။ တခြားသော ပန်းကလေးများကိုလည်း ပိုးကိုက်၍ ကူးစက်နိုင်ပေသည်။ နူးညံ့၍လှပသော အရာအားလုံးသည် ဂရုတစိုက်နှင့် ပြုပြင်ပျိုးထောင်ပေးမှသာ အမြဲလှပပေမည်။

လူငယ်ဟူသည်ကား  နူးညံ့လှပသော ပန်းကလေးများနှင့်တူပေသည်။ ဂရုတစိုက်နှင့် ပြုစုပျိုးထောင်ပေးကြရမည်။ ပိုးကိုက်သော ပန်းများရှိပါကလည်း ပိုးမကူးစက်နိုင်ရန်အတွက် ပိုးကိုက်ပန်းကို ဖယ်ရှားကြရမည်ဖြစ်သည်။ ပန်းတောတစ်ခုလုံးလှပရန် ဥယျာဉ်မှူး များတွင် တာဝန်ရှိပေသည်။ နူးညံ့လှပသောဖူးငုံစအချိန်တွင် မလိုလားဘဲ ပျက်စီးဆုံးရှုံးသွားမည်ကို လက်မခံနိုင်ပေ။ လူငယ်တို့၏ စိတ်နှလုံးသားသည်  နူးညံ့ပျော့ပျောင်း၏။ ပြုပြင်ရန်လွယ်ကူသလို ပျက်စီးရန်လည်းလွယ်ကူပေသည်။ အတိမ်းအစောင်းမခံနိုင်သော ဖူးသစ်စအရွယ်လေးတွေပင်ဖြစ်သည်။ လှပဝင့်ကြွားစွာဖူးပွင့်နိုင်ရန် အလွန်အရေးကြီးပါသည်။

ပန်းကောင်းတစ်ပွင့်ရရှိရန် ပန်းဥယျာဉ်မှူးတွင်တာဝန်ရှိပေသည်။ ပန်းဥယျာဉ်မှူးဆိုရာ၌ တစ်ဦးတစ်ယောက်တည်းကို ရည်ညွှန်းခြင်း မဟုတ်ချေ။ မိဘဆရာသမားများနှင့် ပတ်ဝန်းကျင်ကောင်း အားလုံးကိုဆိုလိုသည်။ လူငယ်တို့၏ဘဝကို အားလုံးဝိုင်းဝန်း ပြုစုပျိုး ထောင်ကြရမည်။ လူငယ်တို့၏ခံစားချက်ကို လိုက်လျောညီထွေစွာလိုက်ပါ၍ စီးမျောခံစားပေးနိုင်ရမည်။ အတင်းအကျပ် စည်းကမ်း ချမှတ်၍ ထိန်းချုပ်ခြင်းထက် လူငယ်တို့၏ သဘောဆန္ဒကိုလေ့လာ၍ နားလည်သဘောပေါက်အောင်ပြုလုပ်ရမည်။ နားလည်မှုပေး၍ ညှိနှိုင်းကြရမည်။ သို့မှသာ အခြေခံကောင်းဖြင့် လူငယ်တို့၏ ဘဝတိုးတက်ပေလိမ့်မည်။

“ပန်းကလေးများပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ” ဆိုသည့်အတိုင်း လူငယ်ဟူသည်ကား ဖူးတံပေါ်တွင် ဝင့်ကြွားနေသော ပန်းကလေး များနှင့်တူပါသည်။ ဝင့်ကြွားနေသော ပန်းကလေးများကို ဖူးပွင့်ဝေဝေဆာဆာဖြင့်သာ မြင်တွေ့ချင်ကြသည်မှာ လူသားတိုင်း၏ ဆန္ဒဖြစ်သည်။ မည်သူမဆို အနာဂတ်၏မျိုးဆက်ဖြစ်သော လူငယ်များကို မျှော်လင့်အားကိုးကြသည်။ အားကိုးထိုက်သော  လူငယ်များ ဖြစ်ရန်အတွက်လည်း ပြုစုပျိုးထောင်ပေးကြရမည်။ လူငယ်များကလည်း နားလည်မှုပေး၍ အပေးအယူမျှတစွာ ပြုပြင် ပြောင်းလဲကြရမည်ဖြစ်သည်။

လူသားတို့၏ လိုအင်ဆန္ဒများသည် အတောမသတ်အောင် များပြားလှသည်။ လူသားတို့တွင် လူကြီးလူငယ်ဟူ၍ နှစ်မျိုးနှစ်စားရှိ သည်။ ထိုနှစ်မျိုးနှစ်စားထဲတွင်မှ လူငယ်တို့၏ စိတ်ဆန္ဒသည် ပို၍များပြားပါသည်။ လွတ်လပ်ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ချင်သူများ ဖြစ်သည့်အလျောက် ပျော့ပျောင်းနူးညံ့သော စိတ်တို့သည် ယိမ်းနွဲ့နေတတ်ကြသည်။  စိတ်မြန်လက်မြန်ဆောင်ရွက်တတ်ကြသည်။ အမှားအမှန်ကိုခွဲခြားနိုင်သော စိတ်သတိသည် လူငယ်နှင့်ကင်းကွာနေတတ်သည်။ ထို့ကြောင့် ထိန်းကျောင်းပဲ့ပြင်ပေးနိုင်သော စိတ်ဓာတ်စွမ်းရည်များ လူငယ်များရင်ထဲခိုအောင်းလာနိုင်ရန် လမ်းညွှန်ပေးကြရမည်ဖြစ်သည်။   

လူငယ်ဟူသည်ကား လူကြီးတို့၏ နည်းနိဿယများကို လက်ဆင့်ကမ်း၍ ပြုပြင်ဖန်တီးကြသူများဖြစ်သည်။ လူကြီးတို့သည် လူငယ်များ၏ ရှေ့ဆောင်လမ်းပြဖြစ်သကဲ့သို့ လူငယ်ဟူသည်ကလည်း လူကြီးတို့၏ အားကိုးမှီခိုရာဖြစ်ပေသည်။ ခေတ်စနစ်၏ ပြောင်းလဲမှုနောက်သို့   လူကြီးများ ဆက်လက်စီးမျောရန်မှာ မလွယ်ကူချေ။ အသက်အရွယ်အရသော်လည်းကောင်း၊ ခေတ်စနစ်၏ ပြောင်းလဲမှုကြောင့် သော်လည်းကောင်း လူကြီးများသည် လူငယ်များကဲ့သို့ ခေတ်စနစ်နောက်မလိုက်ပါနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် အနာဂတ်အတွက် လူငယ်များကိုအားကိုးအလေးထားရသည်။

ဤအချက်ကို လူငယ်များ နားလည်သဘောပေါက်၍ လူကြီးများ၏ စေတနာဖြင့် လမ်းညွှန်မှုများကို အသိအမှတ်ပြုလျက် ကြိုးစားကြရန် လိုအပ်ပေသည်။ ပန်းကလေးတိုင်း အလှကိုယ်စီရှိကြသည်။ လူငယ်တိုင်းတွင်လည်း အရည်အချင်း ကိုယ်စီရှိကြ ပါသည်။   လှသောပန်းများ ပိုးမကိုက်ရန် အရေးကြီးသကဲ့သို့ အရည်အချင်းရှိသည့် လူငယ်တိုင်း လမ်းကြောင်းမမှားရန် အရေးကြီး ပါသည်။ မညံ့ဖျင်းရန်လိုအပ်ပါသည်။ “နေခြည်မှာ ရွှေရည်လောင်း” ဆိုသကဲ့သို့ နေရောင်နှင့်အပြိုင် ထွန်းလင်းတောက် ပရန်ကြိုး စားကြရမည်။ ပွင့်သောပန်းတိုင်း မွှေးရနံ့ကိုယ်စီရှိကြပါသည်။ ပန်းသတင်းလေညင်းဆောင်ဟုဆိုသော်လည်း    လှလည်းလှ၊ မွှေးလည်းမွှေးသောပန်းကိုသာ မြတ်နိုးတွယ်တာကြသည်မှာ လောကဓမ္မတာပင်ဖြစ်သည်။ လူငယ်တို့သည်လည်း လှသောမွှေးသော ပန်းလေးများကဲ့သို့ပင် ကိုယ်ပိုင်အရည်အချင်းရှိပြီး  လိုက်နာခံယူတတ်သော စိတ်ဓာတ်များ ပိုင်ဆိုင်ရန်လိုအပ်ပါသည်။ သို့မှသာ အဆင်းအချင်းနှင့် ပြည့်စုံသော အနာဂတ်သားကောင်း သမီးကောင်းရတနာများ ဖြစ်ပေလိမ့်မည်။

လှပသောအနာဂတ် အလင်းတန်းများဖြာထွက်ရန် လူကြီးများမှလူငယ်များအားခွန်အားပေးရမည်။ နည်းနိဿယများ လမ်းညွှန်ပေးရ မည်။ အနာဂတ်လမ်းကြောင်းဖြောင့်တန်းရန် လူကြီးလူငယ်နှစ်သွယ်သော မေတ္တာတရားအပြန်အလှန်ထားရှိရမည်။ သို့မှသာ အမှားရှိပါက ပြင်နိုင်၍ အမှန်ရှိပါကလည်း မြင်နိုင်ပေမည်။ ပွင့်သောပန်းတိုင်းမွှေး၍ မွှေးသောပန်းတိုင်းလည်း လှပနေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ပွင့်သောပန်းတိုင်းလှပပါစေဟု မျှော်လင့်လျက် ကံစိတ်ဥတုအာဟာရညီမျှရန် လူကြီးလူငယ်မေတ္တာ ဖလှယ်နိုင်ကြ စေကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။   ။

မေတ္တာမိုးနှင်း(ပဲခူး)