လန်ဒန်၊ ဘောလုံး
၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တစ်ဦးချင်းဆုတံဆိပ်များတွင် အဆင့်မြင့်ဆုံးဆုတစ်ခုဖြစ်သည့် Professional Footballer's Association(PFA)မှ ချီးမြှင့်ပေးအပ်သည့် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မန်စီးတီးအသင်းမှ ဒီဘရိုင်းအားကျော်ဖြတ်ပြီး လီဗာပူးအသင်းတိုက်စစ်မှူး ဆာလက်ချ်က ဆွတ်ခူးရရှိကြောင်း သိရသည်။
PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု အတွက် ဆန်ခါတင်ကစားသမားစာရင်းတွင် ဆာလက်ချ်သည် အသင်းဖော်များ ဖြစ်သည့် မာနေးနှင့် ဗန်ဒိုက်၊ စပါးအသင်းမှ ဟယ်ရီကိန်း၊ မန်ယူအသင်းမှ စီရော်နယ်ဒို၊ မန်စီးတီးအသင်းမှ ဒီဘရိုင်းတို့နှင့် အတူပါဝင်လာ ပြီး ရေပန်းအစားဆုံးဖြစ်သည့် ဒီဘရိုင်းကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ဆာလက်ချ်သည် ပြီးခဲ့သည့်ဘောလုံးရာသီက လီဗာပူးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခြင်းမရှိသော်လည်း သွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူနိုင်ကာ စပါးအသင်းတိုက်စစ်မှူး ဆွန်ယောင်မင်နှင့် ပူးတွဲရွှေဖိနပ်ဆုရရှိခဲ့ပြီးနောက် ယခုအခါ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆာလက်ချ်သည် သွင်းဂိုးအများဆုံး ကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆုအပြင် ဂိုးဖန်တီးမှုအများဆုံးကစားသမားဆုကိုလည်းရရှိခဲ့သူဖြစ်သည်။
ဆာလက်ချ်သည် လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကလည်း PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့သည်။ ထို့အတူ PFA တစ်နှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆုကို အာဆင်နယ် အသင်းမှ ဆာကာအားကျော်ဖြတ်ပြီး မန်စီးတီးအသင်းမှ လူငယ်ကစားသမား ဖိုဒန်က ဆွတ်ခူးရရှိကြောင်း သိရသည်။
Ref;Dailymail