စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်ရှိ ဈေးဆိုင်ခန်းများအား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်ရှိ ဈေးဆိုင်ခန်းများအား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် - ၁၁

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကိုပျက်ပြား စေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၀ ရက် ည ၈ နာရီခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်၊ ရွှေကတော့ဘုရားဝန်းအပြင်ဘက်ရှိ ဈေးဆိုင်ခန်းများအား PDF အမည်ခံအကြမ်းဖက်သမား ၄ ဦး ခန့်က မော်တော် ဆိုင်ကယ် ၂ စီးဖြင့် လာရောက်ပြီး မီးကွင်းပစ်၍ မီးရှို့ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ နယ်မြေခံတပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ည ၉ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၃၁ ခန်း(ကာလတန်ဖိုး ငွေကျပ်သိန်း ၂၀၀ ကျော်) မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဈေးဆိုင်ခန်းများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။