စပိန်ထိပ်သီးဘာစီလိုနာအသင်းသည် ယခုလမကုန်မီ အသင်းဘဏ္ဍာငွေ ယူရိုသန်း ၅၀၀ ခန့် ရှာဖွေရမည်ဖြစ်ပြီး အဆိုပါ ငွေကြေးပမာဏကို ရှာဖွေနိုင်ခြင်းမရှိပါက အသင်းအနေဖြင့် ဒေဝါလီ ခံရမည့် အရေးနှင့်ပင် ရင်ဆိုင်နေရကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အသင်းဝင်ငွေလျော့နည်းမှုများ ရှိလာခဲ့သည့်အပြင် အသင်းမှ ကစားသမားများကို များပြားသည့် လုပ်ခလစာများ ပေးချေနေရသည့်အတွက် ပြီးခဲ့သည့် ဘောလုံးရာသီမှစတင်ပြီး အသင်းဘဏ္ဍာ ရေးအကျပ်အတည်းနှင့်တွေ့ကြုံခဲ့ရပြီး အသင်း၏ အဓိက ကစားသမား မက်ဆီကိုပင် ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ လက်လွှတ်ခဲ့ရသည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီကလည်း အသင်းမှ ဝါရင့်ကစားသမားများကို လုပ်ခ လစာလျှော့ယူရန် တောင်းဆိုခဲ့ပြီးနောက် အနည်းငယ် ဖြေရှင်းနိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ အသင်း ဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီရန် ဘဏ္ဍာငွေ ယူရို သန်း ၅၀၀ ခန့် လိုအပ်နေခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် အသင်းဘဏ္ဍာရေး အကျပ်အတည်းဖြေရှင်းရန် ှစသအင်ပ နှင့် ယူရိုသန်း ၂၈၀ တန် စပွန်ဆာစာချုပ်ချုပ်ဆို နိုင်ခဲ့သော်လည်း အသင်းဘဏ္ဍာငွေ မလုံလောက်သေးသည့်အတွက် အသင်းအိမ်ကွင်း ဖြစ်သည့် နူးကမ့်အားကစားကွင်းကို မင်္ဂလာဆောင်များနှင့် အပျော်တမ်းဘောလုံးကစား လိုသူများအတွက် နာရီပိုင်းဖြင့် အခကြေးငွေရယူကာ အသင်းဘဏ္ဍာငွေရှာဖွေမှုများ ပြုလုပ်နေရခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းအနေဖြင့် ဇွန် ၃၁ ရက်မတိုင်မီ အသင်းဘဏ္ဍာရေးအကျပ်အတည်း ပြဿနာများကို ဖြေရှင်းရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း မဖြေရှင်းနိုင်ပါက အသင်းအနေဖြင့် ဒေဝါလီခံရမည့် အရေးနှင့်ပင် တွေ့ကြုံရဖွယ် ရှိနေသည်ဟု အသင်းဒုတိယဥက္ကဋ္ဌ အက်ဒူအတ်က ပြောကြားထားကြောင်း သိရသည်။
Ref;Marca