မြန်မာလ၏ ၁၂ လရာသီပန်းများအကြောင်းကို ရာသီမသိ ပန်းနှင့်ညှိ ဟုအမည်ရသော ချစ်စရာကဗျာလေး တစ်ပုဒ်ကို ကင်းဝန်မင်းကြီးက ယခုလို ရေးဖွဲ့သီကုံးခဲ့သည်။
ပန်းကံ့ကော် ရွှေစံကားငွေသားနု စံပယ်မှန်။
မုလေး(မြတ်လေး) ခတ္တာ နှင့် ရွှေရင်းမာ ကြာခဝဲ ဖွဲစနှင်းလျှံ။
သဇင်ကျန်
ခွာတန် နှင့် ပေါက်လဲ။
ပွင့်ဝတ်ကယ် ရွှေဖီမင်း
သင်းထုံနံ့ကဲ။။
ထို့ကြောင့် မြန်မာတို့၏ တတိယမြောက်ဖြစ်သော နယုန်လ၏ရာသီပန်းမှာ ငွေရောင်ဖွေးဖွေးဖြူ စံပယ်ပန်း ဖြစ်သည်။ စံပယ်ဟူသည် စံပယ်ယဉ်၊ စံပယ်အိုးပုတ် (စံပယ်ကြီး)၊ အရိုင်းစံပယ် (ဝါ) တောစံပယ် (ဝါ) ခင်ပုပ်ပင်၊ စံပယ်လေး၊ စံပယ်နွဲ့၊ စံပယ်ကြက်ရုန်း ဟူ၍ အမျိုးအစားကွဲ များစွာရှိသည်။ ရှေးက နယုန်မိုးသေးများနှင့်အတူ စံပယ်ပွင့်ဖြူဖြူ ကလေးများ တစ်မိုးတွင်းလုံး လှိုင်လှိုင်ပွင့်တတ်သည်။ သို့သော် ယနေ့ ခေတ်မီစိုက်ပျိုးရေးနည်း စနစ်များဖြင့် စံပယ်ပွင့်ကလေးများ ရာသီမရွေး လှိုင်လှိုင်ပွင့်နိုင်ပါပြီ။ စံပယ်ပင်သည် နွယ်ယောင်ပင်ယောင် အပင်မျိုးဖြစ်သည်။ ချုံပင်သဏ္ဌာန်ရှိပြီး တစ်ခါစိုက်ပျိုးထားရုံဖြင့် နှစ်ရှည်ရှင်သန်သော အပင်မျိုးဖြစ်သည်။ အလင်းရောင်ကို နှစ်သက်ပြီး လောင်းရိပ်ကျသောနေရာ၌ အပင်ရှင်သန်ရန် ခဲယဉ်းသည်။ အရွက်မှာ ဝိုင်းစက်ယောင်ယောင်ရှိပြီး နူးညံ့ပျော့ပျောင်းသည်။ စံပယ်၏ ချိုမြသောရနံ့က ရှူရှိုက်မိသူအားလုံးကို နှလုံးစိတ်ဝမ်း အေးချမ်းစေနိုင်သည်။
စံပယ်သမိုင်း
လေ့လာမှုမှတ်တမ်းများအရ ရှေးခေတ်အေဒီ (၁) ရာစုကတည်းကစ၍ စံပယ်ပင်များပေါက်ရောက်ကြပြီး ယင်းကာလကတည်းကပင် ဆေးဝါးအဖြစ် ဖော်စပ်အသုံးပြုလာခဲ့ကြောင်းကို ခေါမသမားတော်ကြီး ဒိုင်အိုစကိုရိုင်းဒီ က သူ၏ ဆေးအဘိဓာန် ကျမ်းကြီးတွင် စံပယ်၏ ဆေးအသုံးပြုပုံများကို ဖော်ပြရေးသား ထားခဲ့သည်။ ထို့ကြောင့် စံပယ်သည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ကပင် ပေါ်ထွန်းလာခဲ့သော ဆေးဖက်ဝင်ပန်းပင်ဖြစ်သည်။ အလယ် ပိုင်းခေတ်သို့ရောက်သောအခါ ခရစ်ယာန်ဘာသာဝင်များက အပျိုစင်လေး မေရီ ကို စံပယ်ပန်းနှင့် တင်စားခဲ့ကြသည်။ ထို့ကြောင့် စံပယ်ပွင့်ကလေးများကို အိပ်မက်မက်ပါက ပျိုရွယ်သူများ အထူးစန်းပွင့်မည်၊ စွံတော့မည်ဟု နိမိတ်ဖွင့်ဆိုကြလေသည်။
မြန်မာစာပေသမိုင်းများ၌ စံပယ်ဟူသော ရေးထုံးကို ဝဏ္ဏဗောဓနသတ်အင်းကျမ်းတွင် စမ္ပယ် ဟူ၍လည်းကောင်း၊ ရတုစာဆို နဝဒေးကြီးကမူ သူ၏ ပတ်စက်ဝန်းလည် ချီရတု ဒုတိယပိုဒ်၌ စလည်းဆင်မှ၊ ပတွင် ယသတ်၊ ဖြူဆွတ်ဆွတ်ကို ဟု မသတ်နိဂ္ဂဟိတ်မဲ့ စပယ် ဟူ၍လည်းကောင်း၊ ဦးဝန်ပြုစုသော မြန်မာသတ်ညွှန်းကျမ်းတွင် စံပယ် ဟူ၍လည်းကောင်း အမျိုးမျိုးရေးကြသည်ကို တွေ့ရသည်။ ထို့ပြင် စံပယ်ပန်းကို မြန်မာစာပေတွင် အမြတ်တနိုး ဖွဲ့နွဲ့ရေးစပ်ကြသည်။ အချင်းလှခြင်းနှင့် အဆင်းလှခြင်းကို စာဆိုကဝိတို့က စံပယ်ပန်းနှင့် ခိုင်းနှိုင်းဖွဲ့ဆိုတတ်ကြသည်။
စံပယ်ပန်းနှင့်ကျန်းမာရေး
မြန်မာ့ဆေးကျမ်းအလိုအရ စံပယ်သည် ရေငတ်နာ၊ အိပ်မပျော်နာ၊ စကားပြော မမှန်သောအနာ၊ ထိတ်လန့်ကြောက်ရွံ့တတ်သောအနာ၊ ကိုယ်ပူပြင်းသောအနာ၊ သွေးအားနည်းသောအနာ၊ ဝမ်းဒလ ဟောသွားသောအနာ၊ သွေးလွန်သောအနာတို့ကို ပျောက်ကင်းစေ၏ ဟု ဖွင့်ဆိုထားသည်။
မျက်စိနာနှင့် မျက်စိအပြင် တိမ်စွဲခြင်းအတွက် သန့်ရှင်းသော စံပယ်ပွင့်ရည်ဖြင့် မျက်စဉ်းခတ်ပါ။
စံပယ်ပွင့်စိုများကို ကြိတ်ပြီး စအိုဝတွင် လိမ်းအုံခြင်းဖြင့် စအိုနာဆွေးများ၊ လိပ်ခေါင်းရောဂါများကို သက်သာပျောက်ကင်းစေသည်။
နှာခေါင်းသွေးလျှံခြင်းအတွက် စံပယ်ပွင့်များကို မကြာမကြာ ရှိုက်ရှူပေးပါ။
အရေပြားပေါ်ရှိ ဝက်ခြံ၊ တင်းတိပ်၊ ကြက်ဖင်၊ ကြာဆူးများအတွက် စံပယ်ပန်းခြောက်ကို သနပ်ခါးဖြင့်ရော၍ သွေးလိမ်းပါ။
ဓမ္မတာမမှန်၊ ညောင်းညာကိုက်ခဲ၊ အဖြူဆင်းခြင်းနှင့် အမျိုးသားများ ဆီးရောဂါအမျိုးမျိုးအတွက် စံပယ်ပွင့် လက်တစ်ဆုပ်ကို ရေသုံးခွက် တစ်ခွက် တင်ကျို၍ သကြား၊ သံပရာရည်ထည့်သောက်ပါ။
လည်ချောင်းနာရောဂါအတွက် စံပယ်ပွင့်ပြုတ်ရည်ထဲ ဆားခတ်သောက်ပါ။
နေလှန်းထားသော စံပယ်ရွက်ခြောက်မှုန့်ကို အုန်းဆီဖြင့် ရော၍ အနာဟောင်း၊ အနာဆွေးများပေါ်လိမ်း ပေးပါ။ အနာသစ်များကို ဖန်ရေဆေးပြီးနောက် ၎င်းစံပယ်ရွက်ခြောက်မှုန့်နှင့် အုန်းဆီလိမ်းပေးခြင်းဖြင့် အနာမြန်မြန်ကျက်စေသည်။
အိပ်မပျော်ခြင်း၊ စကားထစ်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းများအတွက် စံပယ်ပင်၏အမြစ်ကို သွေး၍ သကြားထည့်သောက်ပါ။
အရိုင်းစံပယ်(ခင်ပုပ်ပင်)၏ အမြစ်ကို နုပ်နုပ်စဉ်း ကာ ထန်းလျက်ဆတူရော၍ ပြုတ်သောက်ပါက သွေးဖျဉ်း၊ လေဖျဉ်း၊ အပုပ်ဖျဉ်းများကို နိုင်သည်။
လေထိုး၊ လေအောင့်၊ လေချုပ်၊ ဝမ်းချုပ်၊ အဖော ရောင်ရောဂါတို့အတွက် မည်သည့်စံပယ်ပင် အမျိုးအစားကိုဖြစ်စေ အမြစ်ပါမကျန် တစ်ပင် လုံးပြုတ်ပြီး ဆားခါးရော၍ နံနက်၊ ည သောက်ပါ။
အသည်းရောဂါ (အသည်းရောင်အသားဝါ)၊ အသည်းခြောက်ခြင်းကြောင့် အသည်းပျက်စီးခြင်း၊ ဝမ်းလျှော၍ ဗိုက်အောင့်ခြင်းအတွက် စံပယ်ပန်း လတ်လတ်ဆတ်ဆတ်ကို ဝါးစားပြီးနောက် ရေနွေး
ဖြူသောက်ပါ။
စံပယ်ရေနွေးကြမ်းအကျိုး
စံပယ်ပန်းကို ရေနွေးကြမ်းအဖြစ် သောက်သုံးခြင်းက အရသာရှိသလို ကျန်းမာရေးအတွက်လည်း လွန်စွာ အထောက်အကူပြုပေးနိုင်သည်။
အထူးသဖြင့် တရုတ်ရိုးရာဆေးနည်းအဖြစ် စံပယ်ပွင့်ခြောက်ကို လက်ဖက်ခြောက်ခတ်၍ ကျောက်ကပ် အားကောင်းကာ ဆီးရွှင်စေရန်၊ နှလုံးအားကောင်းစေရန်နှင့် ဦးနှောက်ကြည်လင်စေရန်တို့အတွက် သောက်သုံးလေ့ရှိကြသည်။
စံပယ်ပန်း ရေနွေးကြမ်းကို လွန်ခဲ့သောနှစ်ပေါင်း များစွာ ကတည်းက ကိုယ်အလေးချိန်ကျစေရန် အတွက် အသုံးပြုခဲ့ကြသည်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသဖြင့် စံပယ်ပန်းရေနွေးကြမ်းက ခန္ဓာကိုယ် တွင်း ဇီဝဖြစ်စဉ်ကို တိုးတက်စေနိုင်သည်။
သုတေသနလုပ်ဆောင်ချက်များအရ နေ့စဉ်စံပယ်ပန်း ရေနွေးကြမ်းသောက်သုံးပေးခြင်းက ကင်ဆာ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ ရင်သားကင်ဆာနှင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်သလို အခြားနာတာရှည် ရောဂါများကိုလည်း ကာကွယ် ပေးနိုင်သည်။
စံပယ်ပန်းရေနွေးကြမ်းသောက်သုံးမှုက အမျိုးအစား
-၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် ဆီးချိုရောဂါကြိုတင်ကာကွယ်ရန်၊ ဆီးချိုသွေးချို ပမာဏထိန်းညှိရန်နှင့် ရောဂါကုသရန်တို့အတွက် စံပယ်ပန်း ရေနွေးကြမ်းတစ်ခွက် နေ့စဉ် သောက်ပေး သင့်သည်။
စံပယ်ပန်းရနံ့က စိတ်ကို ကြည်လင်လန်းဆန်းစေကာ တစ်နေ့တာလုံး ပေါ့ပါးသွက်လက်စေသည်။
ထို့ပြင် ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားများကို ပြေလျော့စေပြီး စိတ်ဖိစီးမှုကို လျော့ပါးသက်သာ စေသည်။
နေ့စဉ် စံပယ်ပန်းလက်ဖက်ခြောက် သောက်သုံးပေးခြင်းက အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို သက်သာစေနိုင်သည်။ ဝမ်းမှန်စေပြီး အစာခြေ အင်ဇိုင်းတွေ ပိုမိုထွက်ရှိ လာအောင် လည်း လှုံ့ဆော်ပေးနိုင်သည်။ ၎င်းဖြစ်စဉ်များက အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာ ဖြစ်မလာအောင် ထိန်းချုပ်ရာ ရောက်ပါသည်။
ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသည့် စံပယ်ပန်း ရေနွေးကြမ်းက ရောဂါတော်တော်များများကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ် ကောင်းမွန်အောင် အထောက်အကူပြုပေးသည်။ ကိုယ်ခံအားနည်း၍ မကြာမကြာ ဖျားနာတတ်သူများအတွက် စံပယ်ပန်း ရေနွေးကြမ်းက ဆေးကောင်းတစ်ခွက်ဖြစ်သည်။
ရောင်ရမ်းမှုကို လျော့ကျစေနိုင်သည့် အာနိသင်ရှိသဖြင့် လေးဖက်နာကြောင့် အရိုးအဆစ်များ နာကျင်မှုကို သက်သာစေနိုင်သည်။
အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ဖြစ်တတ်သော အအေးမိ၊ ချောင်းဆိုးနှင့် လည်ချောင်းနာ ဗက်တီး
ရီးယားများ ကူးစက်ဝေဒနာကို သက်သာစေနိုင် သည်။
စံပယ်ပန်းရေနွေးကြမ်းက သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်သည်။ လေဖြတ်၊ သွေးခဲပိတ်ဆို့ခြင်း
နှင့် ရုတ်တရက် နှလုံးခုန်မမှန်ခြင်းတို့ မဖြစ်အောင်လည်း ကာကွယ်ပေးသည့်အတွက် နှလုံးကျန်းမာစေ သည်။
သွေးတိုးရောဂါ ကျစေနိုင်သည်။
ဝက်ခြံနှင့် အရေပြားပေါ်က ထိခိုက်ဒဏ်ရာ၊ အမာရွတ်များ သက်သာစေရန်အတွက် စံပယ်ပန်း ရေနွေးကြမ်းသောက်ပါ။ ထို့ပြင် စံပယ်ရေနွေးကို အအေးခံ၍ ဂွမ်းလေးနှင့်တို့ပြီး ဝက်ခြံကို လိမ်းပေးပါ။ မျက်နှာပေါ်က အရေးအကြောင်းများ အတွက်ကိုလည်း အသုံးပြုနိုင်သည်။
ဥရောပနိုင်ငံတွင် ရုပ်ပျိုကိုယ်နုဆေးအဖြစ် ရေနွေးပူပူထဲကို စံပယ်ပွင့်ခြောက်မှုန့်နှင့် ပျားရည်ထည့် သောက်ကြသည်။
(မှတ်ချက်) စံပယ်ပန်းက လူသားအားလုံးအတွက် ဘေးထွက်ဆိုးကျိုးမရှိ ဆေးဖက်ဝင်လှသော်လည်း၊ တချို့သူတွေမှာ ထူးထူးခြားခြား စံပယ်ပန်းရနံ့ ဓာတ်မတည့်ရောဂါ (allergy) ဖြစ်တတ်သည်။
ထို့ကြောင့် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်သည်များက စံပယ်ပန်းလက်ဖက်ခြောက်သောက်သုံးခြင်းကို ဆင်ခြင်သင့်သည်။
အချုပ်အားဖြင့်ဆိုသော် အဆင်းရောအချင်းပါ ပြည့်စုံသည့်ပန်းပင်ကို ပြပါဆိုလျှင် စံပယ်ပန်းကို လက်ညှိုးထိုးပြရမည် ဖြစ်ပေသည်။ နုနယ်လှပသော စံပယ်ဖြူလေးများက လူသားတို့ကျန်းမာရေးကို များစွာ အထောက်အကူပြု ပေးနိုင်သကဲ့သို့ စံပယ်မှ စံပယ်ဆီ ခေါ် အဆီတစ်မျိုးကို ထုတ်ယူကာ ထိုအဆီကို အလှကုန်ပစ္စည်းများနှင့် အမွှေးအကြိုင်များပြုလုပ်ရာတွင် အသုံးပြုလျက်ရှိသည်။ ထို့ကြောင့် ဘုရားပန်းတင် အလှဆင်ဆေးဖက်လည်းဝင် စံပယ်ပန်းလေးအကြောင်းကို အလေးအမြတ်ထားကာ ဤဆောင်းပါးလေးဖြင့် မှတ်တမ်းတင်လိုက်ရပါသည်။ ။
ပေါက်ပေါက်