လူအပါအဝင် သတ္တဝါတွေအားလုံး ရေကိုနေ့စဉ် သောက်သုံးနေရပါတယ်။ ထမင်းအသက်ခုနစ်ရက်၊ ရေအသက်တစ်မနက်လို့ ဆိုကြပါတယ်။ ထိုအဆိုကို ကြည့်လျှင် သတ္တဝါတို့ရှင်သန်ဖို့ ရေဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာသိနိုင်ပါတယ်။
ဒီလိုအရေးကြီးတဲ့သောက်သုံးရေဟာ သန့်ရှင်းဖို့လိုပါတယ်။
သောက်သုံးရေဆိုတာ ရေကောင်းရေသန့်ဖြစ်ရပါမယ်။ ရေကောင်းရေသန့်ဆိုတာ အမှုန်အမွှားကင်းစင်ရပါတယ်။ အရောင်အဆင်း၊ အနံ့၊ အရသာမရှိရပါဘူး။ အရပ်ဒေသအလိုက် ရေမှာပါဝင်တဲ့ အနည်တွေထိုင်အောင် နည်းအမျိုးမျိုးပြုလုပ်ကြပါတယ်။
တွင်းရေ၊ ကန်ရေ၊ မြစ်ချောင်းရေကိုခပ်ထားပြီး ညသိပ်ထားလိုက်ရင် အနည်အမှုန်တွေ ထိုင်သင့်သလောက်ထိုင်သွားပါတယ်။ အတော်အတန်ကြည်လင်သွားတဲ့ရေကို အပေါ်ယံကျော့ခပ်ပြီးသုံးလျှင် ရောဂါပိုးမွှားလည်း အတော်များများ ဖယ်ရှားပြီး ဖြစ်သွားပါတယ်။
ထိုရေကိုသောက်ရေအဖြစ်သုံးနိုင်ပါတယ်။ ရေမှာပါဝင်တဲ့ အနည်တွေထိုင်ဖို့ မြေပဲဆန်အစိမ်း၊ ဒန့်သလွန်စေ့ အခြောက်မှုန့်၊ ကျောက်ချဉ်၊ လချေးကျောက်တွေထဲက တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ ရေကိုမြန်မြန်အနည်ထိုင်စေတဲ့ အရပ်သုံးပစ္စည်းတွေဖြစ်ပြီး ရောဂါပိုးမွှားလည်း အတန်အသင့် လျော့ပါးစေပါတယ်၊၊
ရေမှာပါတဲ့အနည်အမှုန်တွေကို ရေစစ်နဲ့စစ်ထုတ်လို့ရပါတယ်။ အဲဒီလိုစစ်ထုတ်တဲ့အခါ မျက်စိနဲ့မြင်နိုင်တဲ့ အမှုန်အမွှားတွေပါ သွားနိုင်ပေမယ့် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ၊ သတ္တုဓာတ်တွေ ကျန်ရှိနေနိုင်ပါတယ်၊၊ အဲဒီအရာတွေကို ဖယ်ရှားသန့်စင်နိုင်မှသာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေကောင်းရေသန့်ကိုရမှာ ဖြစ်ပါတယ်။
မသန့်ရှင်းတဲ့ ရေကိုသောက်လျှင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အူရောင်ငန်းဖျား ရောဂါတွေ ဖြစ်စေပါတယ်။ ရေထဲမှာ ရောဂါပိုးအမျိုးမျိုး ရှိနေနိုင်တယ်။ လူနဲ့တိရစ္ဆာန်တို့ရဲ့ မစင်ကလာတဲ့ပိုးတွေ ရေထဲမှာ ပါဝင်နေမယ်ဆိုရင် အထက်ဖော်ပြပါ ရောဂါတွေဖြစ်နိုင်ပါတယ်။ သောက်သုံးရေထဲက ရောဂါပိုးတွေဟာ လူအများအပြားကို ပျံ့နှံ့ကူးစက်နိုင်ပြီး ကပ်ရောဂါအသွင် ဖြစ်နိုင်ပါတယ်။
ရေကိုဆူပွက်တဲ့အထိ ကျိုချက်လိုက်ရင် ရေထဲမှာပါတဲ့ ရောဂါပိုးတွေကို သေစေပါတယ်။ ဒါကြောင့် ဖြစ်နိုင်လျှင် ရေကိုကျိုချက်ပြီး ရေနွေးအဖြစ်ပဲသောက်သောက်၊ အအေးခံပြီး ရေကျက်အေးကိုပဲ သောက်သောက် ရောဂါပိုးကင်းစင်တဲ့ရေကို သောက်သုံးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ရေကိုမကျိုချက်နိုင်ရင် နေပူလှန်းပြီး သုံးနိုင်ပါတယ်။ ကြည်လင်တဲ့ဘူးတွေ၊ ပုလင်းတွေထဲရေထည့်ပြီး နေပူထဲမှာနှစ်ရက် သုံးရက်လောက်လှန်းလိုက်ရင် ရောဂါပိုးတွေသေပါတယ်။ တိုက်ရိုက်နေရောင်ခြည် ၆ နာရီလောက်ပူရင် ရေထဲက ရောဂါပိုးတွေ သန့်စင်သွားပါတယ်။ ရေထဲက ရောဂါပိုးတွေသေဖို့ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်တဲ့ အပူရဖို့ လိုအပ်တဲ့အတွက် တိမ်ထူတဲ့ နေ့တွေဆိုရင် နှစ်ရက်လောက်နေလှန်းရပါမယ်။
ရေထဲကို ကျောက်ချဉ်ခတ်မယ် ဆိုရင်လည်း ရောဂါပိုးအတော်များများသေစေပါတယ်။ ရေစည်တစ်စည်ကို ကျောက်ချဉ် ၅ ကျပ်သားလောက်ခတ်လိုက်ရင် ရောဂါပိုးအများစုသေနိုင်ပြီး ကြွင်းကျန်နေတဲ့ရောဂါပိုး အချို့လည်း အနည်ထိုင်သွားပါတယ်။ ရေကနေတစ်ဆင့် ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာမယ်၊ ကပ်ရောဂါ
အသွင်ဖြစ်လာမယ်ဆိုရင် လူအများသောက်သုံးတဲ့ ရေတွင်းရေကန်တွေကို ကလိုရင်းဆေးပြား၊ ဆေးရည်လို ပိုးသတ်ဆေးခတ်သုံးတာ ပိုကောင်းပါတယ်။
ရေကိုကျိုချက်သောက်ရင် ရောဂါပိုးတွေကင်းစင်သွားသလို ထုံးဓာတ်လို သတ္တုဓာတ်အချို့ကိုလည်း ဖယ်ရှားသန့်စင်နိုင်ပါတယ်။ ဒါပေမဲ့ အာဆင်းနစ်လို့ခေါ်တဲ့စိန်ဓာတ်က ကျိုချက်လိုက်ရင် ပြင်းအား ပိုလာတဲ့အတွက် သတိပြုရပါမယ်။
အသန့်ရှင်းဆုံး အကောင်းဆုံးရေကတော့ မိုးရေပဲဖြစ်ပါတယ်။ မိုးရေမှာ အနည်အမှုန်တွေ၊ ရောဂါပိုးတွေ မပါဝင်ပါဘူး။ သတ္တုဓာတ်တွေလည်း ကင်းစင်တယ်။ ဒါပေမဲ့ သက်ငယ်၊ ဓနိ၊ သွပ် စတဲ့အမိုးတွေပေါ်က ဖြတ်သန်းကျလာတဲ့ မိုးရေမှာ အနည်အမှုန်တွေ၊ ငှက်ချေးတွေ၊ ဖုန်တွေရောပါလာပြီး ညစ်ညမ်းနိုင်ပါတယ်။
ဒါကြောင့် မိုးရေသန့်သန့်ခံယူချင်တယ်ဆိုရင် သန့်စင်အောင်ဆေးကြောထားတဲ့ သွပ်၊ ပလတ်စတစ်အမိုးပေါ် ကကျတဲ့ရေကို ခံယူသင့်ပါတယ်။ စာရေးသူတို့ဆိုလျှင် မိုးဦးကျရွာသည့်မိုးရေကိုမခံယူပါ။ မိုးဖြိုင်ဖြိုင်ရွာပြီး သွပ်အမိုးလည်းသန့်စင်ပြီးမှရတဲ့ မိုးရေကိုသုံးပါတယ်။ မိုးရေကိုခံယူပြီး ချက်ချင်းမသုံးသေးဘဲ သိုလှောင်ထားပြီး အနည်ထိုင်မှသုံးပါတယ်။
သဘာဝစမ်းပေါက်က ကျတဲ့စမ်းရေဟာလည်း သန့်ပါတယ်။ ဒါပေမဲ့ စမ်းရေထွက်တဲ့ စမ်းပေါက်နေရာကို သန့်ရှင်းအောင် ကာကွယ်ထားရပါတယ်။ စမ်းရေလာရာ အထက်ပိုင်းမှာ လူ၊ တိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေနဲ့ ထိစပ်ရင် ရေထဲပျော်ဝင်ပြီး ညစ်ညမ်းနိုင်ပါတယ်။ လက်ယက်တွင်း၊ အဝီစိတွင်းတွေက ထွက်တဲ့ မြေအောက်ရေဟာလည်း သန့်ပါတယ်။ ဒါပေမဲ့ မြေမှာ ထုံးဓာတ်၊ သံဓာတ်၊ အာဆင်းနစ်ဓာတ်တွေ ရှိနေရင်တော့ ရေမသန့်နိုင်ပါဘူး။
အကောင်းဆုံးကတော့ ရေကိုဓာတ်ခွဲကြည့်ပြီး သန့်စင်တယ်လို့သိရမှ စိတ်ချလက်ချသုံးသင့်ပါတယ်။ရေတွင်း၊ ရေကန်ထဲဆင်းခပ်ခြင်း၊ အနီးအနားမှာ အဝတ်လျှော်ခြင်း၊ ရေချိုးခြင်းတွေမလုပ်ရပါဘူး။
တိရစ္ဆာန်တွေအနား မကပ်နိုင်အောင် ကာကွယ်ထားရမယ်။ ရေတွင်း၊ ရေကန်နဲ့ အနည်းဆုံး ပေ ၅၀ အကွာမှသာ အိမ်သာဆောက်သင့်တယ်။ ရေတွင်း၊ ရေကန်ရဲ့အထက် မြင့်တဲ့မြေမှာလည်း အိမ်သာမဆောက်ရပါဘူး။
ယခုအခါ ဆေးရုံ၊ ကျောင်း၊ စက်ရုံ စတဲ့ အများစုဝေးရာ နေရာတွေမှာ ရေသန့်စက်တွေ တပ်ဆင်ပေးထားကြပါတယ်။ သန့်ရှင်းတဲ့သောက်သုံးရေသုံးစွဲနိုင်ဖို့ ဖြစ်ပါတယ်။ ရေ ၁ ပိဿာရှိရင် သန့်တယ်၊ ကြည်လင်နေရင် သန့်တယ်ဆိုတဲ့ မှားယွင်းတဲ့အယူအဆတွေဖျောက်ဖျက်ကြဖို့လိုပါတယ်။ ရေကို မိမိကိုယ်တိုင် သန့်စင်နိုင်တဲ့ နည်းလမ်းများဖြင့် သန့်စင်သောက်သုံးခြင်း၊ ရေကောင်းရေသန့်ဖြစ်အောင် ကာကွယ် စောင့်ရှောက်ခြင်း၊ ခေတ်မီရေသန့်စင်စနစ်နဲ့ ရရှိတဲ့ရေသန့် ရရှိသုံးစွဲနိုင်အောင် ကြိုးစားခြင်းတို့နဲ့ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်အောင် ဆောင်ရွက်သင့်ပါတယ်။ ။
ညွန့်ဝင်း(နတ်တလင်း)